မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ပက်ပ် ဂွာဒီယိုလာဟာ မန်စီးတီးနည်းပြအဖြစ် လာမယ့် ၂၀၂၄-၂၀၂၅ ဘောလုံးရာသီကို တာဝန်ယူ ကိုင်တွယ်လို့အပြီးမှာပဲ ၂၀၂၅ နွေရာသီမှာ မန်စီးတီး နည်းပြရာထူးကနေ သေချာပေါက် ထွက်ခွာသွားတော့မှာ ဖြစ်တယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

လွန်ခဲ့တဲ့ (၈)နှစ် ၂၀၁၆ခုနှစ်မှာပဲ မန်စီးတီး နည်းပြအဖြစ် စတင် ဆောင်ရွက်ခဲ့တဲ့ စပိန်လူမျိုး နာမည်ကျော် ဘောလုံးနည်းပြ ဂွာဒီယိုလာဟာ လက်ရှိမှာဆိုရင် မန်စီးတီးအတွက် ပရီးမီးယားလိဂ်ဖလားကို (၄)ရာသီဆက်တိုက်နဲ့ မနှစ်ကလည်း Treble Champions တွေအထိ ဆွတ်ခူးအောင် စွမ်းစွမ်းတမံ လုပ်ဆောင်ပေးခဲ့ပါတယ်။

Photo Credit : ESPN

ဘာစီလိုနာ ဘိုင်ယန်မြူးနစ်တို့မှာ အောင်မြင်မှုတွေ အလီလီ ရယူနိုင်ခဲ့တဲ့ နည်းပြ ဂွာဒီယိုလာဟာ မန်စီးတီးကို ကိုင်တွယ်ချိန်မှာလည်း ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း လုံးဝ လွှမ်းမိုးနိုင်ခဲ့ပြီး ဂွာဒီယိုလာ အင်္ဂလန်ကို ရောက်လာချိန် (၈)နှစ်အတွင်းမှာပါ ပရီးမီးယားလိဂ်ဖလားကို (၆)ကြိမ်အထိ ရယူနိုင်ခဲ့ပါတယ်။

ဂွာဒီယိုလာအနေနဲ့ မန်စီးတီးနည်းပြအဖြစ် တာဝန်ယူနေစဉ်အတွင်း အဓိက ဆုဖလား စုစုပေါင်း (၁၅)ခုအထိ ပိုင်ဆိုင်နိုင်ခဲ့ပြီး ချန်ပီယံလိဂ် ဖိုင်နယ်တစ်ကြိမ်နဲ့ အက်ဖ်အေဖလား ဖိုင်နယ်တစ်ကြိမ်မှာသာ ရှုံးနိမ့်ခဲ့ရင်း ဆုဖလားနဲ့ လက်လွတ်ခဲ့ရတာပဲ ဖြစ်ပါတယ်။

Photo Credit : Eurosport

အခုဆိုရင်တော့ ဂွာဒီယိုလာဟာ မန်စီးတီးအသင်းနဲ့အတူ လာမယ့် ၂၀၂၅ ဇွန်လအထိသာ စာချုပ်သက်တမ်း ကျန်ရှိနေတော့ပြီး အသင်းဘက်ကနေ စာချုပ်သစ် ချုပ်ဆိုသွားဖို့ စီစဉ်နေပေမယ့်လည်း ဂွာဒီယိုလာကတော့ ၂၀၂၅ခုနှစ် နွေမှာပဲ မန်စီးတီးနဲ့ သေချာပေါက် လက်တွဲဖြုတ်တော့မှာ ဖြစ်တယ်လို့ Daily Mail ကနေ ဖော်ပြလာပါတယ်။

ဂွာဒီယိုလာအနေနဲ့ကလည်း မန်စီးတီးအတွက် သမိုင်းဝင် အောင်မြင်မှုတွေကို သူကိုင်တွယ်ခဲ့စဉ်အတွင်း ဆက်တိုက် ရယူပေးနိုင်ခဲ့ပြီဖြစ်လို့ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ၂၀၂၅မှာ အသင်းနဲ့ သေချာပေါက်ကို လမ်းခွဲသွားနိုင်ပြီး ဂွာဒီယိုလာက လက်ရွေးစင် အသင်းတစ်သင်းသင်းကိုပါ ပြောင်းလဲ ကိုင်တွယ်နိုင်ဖွယ်လည်း ရှိလို့နေပါတယ်။