မန်ချက်စတာ စီးတီးအသင်းရဲ့ တောင်ပံကစားသမား ဂျက်ဂရီးလစ်ရှ်အနေနဲ့ ပုံမှန်ပွဲထွက်ခွင့်နဲ့ ကစားလိုစိတ်ပြင်းပြမှုတွေ ပြန်လည်ရရှိဖို့အတွက် အသင်းကနေ ထွက်ခွာသင့်ပြီဖြစ်ကြောင်း နည်းပြချုပ် ပက်ပ် ဂွါဒီယိုလာက အရိပ်အမြွက် ပြောကြားလိုက်တာကြောင့် သူ့ရဲ့ အသင်းပြောင်းရွှေ့မှု သတင်းတွေဟာ ပိုမိုခိုင်မာလာခဲ့ပါတယ်။

ပေါင်သန်း ၁၀၀ တန် တောင်ပံကစားသမား ဂရီးလစ်ရှ်ဟာ ပြီးခဲ့တဲ့ ရာသီတစ်လျှောက်လုံး ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ခဲ့ရပြီး ပရီးမီးယားလိဂ်မှာ ပွဲထွက်ကစားသမားအဖြစ် (၇) ပွဲသာ ပါဝင်ခွင့်ရခဲ့ပါတယ်။ ဒီနွေရာသီမှာ အသင်းပြောင်းရွှေ့နိုင်တယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေချိန်မှာပဲ ဂွါဒီယိုလာက သူ့ရဲ့ကစားသမားဘဝ တိုးတက်ဖို့အတွက် အသင်းပြောင်းဖို့ တံခါးဖွင့်ပေးလိုက်တာ ဖြစ်ပါတယ်။

Photo Credit : BBC

ပွဲကစားချိန် နည်းပါးမှုကြောင့် အင်္ဂလန်လက်ရွေးစင်အသင်းမှာပါ နေရာပျောက်ဆုံးခဲ့ရတဲ့ ဂရီးလစ်ရှ်ကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတဲ့ အသင်းတွေလည်း အသင့်ရှိနေပါတယ်။ အီတလီကလပ် နာပိုလီအသင်းအပြင် ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ နယူးကာဆယ်နဲ့ အဲဗာတန်တို့ကလည်း သူ့ကို ခေါ်ယူဖို့ စောင့်ကြည့်နေကြပါတယ်။

အသင်းရဲ့ ကလပ်ကမ္ဘာ့ဖလား လူစာရင်းကနေ ဂရီးလစ်ရှ်ကို ချန်လှပ်ခဲ့ပြီးနောက်မှာ နည်းပြဂွါဒီယိုလာက သတင်းထောက်တွေကို အခုလို ရှင်းပြခဲ့ပါတယ်။ ESPN ကနေတစ်ဆင့် ဂွါဒီယိုလာက “သူနဲ့ ကလပ်အသင်းကြားမှာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး အသင်းနဲ့အတူ မလိုက်ပါဘဲ နေခဲ့ဖို့က အကောင်းဆုံးလို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဂျက်က ထူးခြားကောင်းမွန်တဲ့ ကစားသမားတစ်ယောက်ပါ။ ပြီးခဲ့တဲ့ရာသီမှာ သူ ပွဲမကစားခဲ့ရတဲ့ တစ်ခုတည်းသောအကြောင်းရင်းက ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်တွေကြောင့်ပါပဲ။” လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

Photo Credit : Goal

“ကျွန်တော်တို့ သူ့ကို ပွဲကစားစေရမယ်လို့ ဆုံးဖြတ်ထားပါတယ်။ ကလပ်အသင်းဘက်ကလည်း ရိုးသားခဲ့သလို သူကိုယ်တိုင်ကလည်း ရိုးသားခဲ့ပါတယ်။ သူ့အနေနဲ့ အက်စတွန်ဗီလာမှာတုန်းကလို ဖလားသုံးလုံးရခဲ့တဲ့ရာသီတုန်းကလို ကစားသမားမျိုး ပြန်ဖြစ်လာတယ်လို့ ခံစားရမယ့်နေရာမှာ ပြန်လည်ပြင်ဆင်ဖို့ နေခဲ့တာက အကောင်းဆုံးလို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့တာပါ။”

“အမှန်တရားကတော့ ပြီးခဲ့တဲ့ ရာသီနှစ်ခုမှာ သူ ပွဲကစားချိန် သိပ်မရခဲ့ပါဘူး။ သူဟာ ပွဲကစားခွင့်တွေ ပြန်ရဖို့လိုနေပြီး သုံးရက်တစ်ပွဲ ကစားရတဲ့အခါ ခံစားရတဲ့ ရင်ခုန်စိတ်လှုပ်ရှားပြီး ကစားချင်စိတ် ပြင်းပြနေတဲ့ ခံစားချက်မျိုးကို ပြန်ရဖို့ လိုအပ်နေပါတယ်။ အဲ့ဒီအခါကျမှ သူ့ရဲ့ အရည်အသွေးတွေကို ပြန်လည်ပြသနိုင်မှာပါ။” လို့ ဂွါဒီယိုလာက အကျယ်တဝင့် ရှင်းပြခဲ့ပါတယ်။ ဂရီးလစ်ရှ်အနေနဲ့ ဒီနွေရာသီမှာ အီတီဟတ်ကွင်းကနေ ထွက်ခွာဖို့ လမ်းစရှာဖွေသွားမှာဖြစ်ပြီး အသင်းသစ်မှာ ခြေစွမ်းပြပြီး နည်းပြသောမတ်စ် တူဟယ်လ်ရဲ့ အင်္ဂလန်လက်ရွေးစင်အသင်းမှာ နေရာတစ်နေရာ ပြန်လည်အရယူနိုင်ဖို့ မျှော်လင့်နေပါတယ်။