ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ နည်းပြချုပ် ဖြစ်သူ ဂွာဒီယိုလာက ယခု သီတင်းပတ် အကုန်မှာ ယှဉ်ပြိုင် ကစားရမယ့် မန်ချက်စတာဒါဘီ အတွက် နည်းစနစ်တွေ စဉ်းစားထားပြီးပြီလို့ ဆောက်သမ်တန်နဲ့ ကစားရမယ့် EFLဖလား ကွာတားဖိုင်နယ် ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ စီးတီးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့က ယခုနှစ် ဘောလုံးရာသီမှာ ချန်ပီယံဆု အတွက် အပြိုင် ဖြစ်နေကြပြီး မန်ချက်စတာ စီးတီးက မန်ချက်စတာ ယူနိုက်တက်ကို ရမှတ် ၄မှတ် ဖြတ်ထားနိုင်ခဲ့ပေမယ့် စနေနေ့ညမှာ ယှဉ်ပြိုင် ကစားရမယ့် မန်ချက်စတာဒါဘီမှာသာ မန်ချက်စတာ ယူနိုက်တက်က အနိုင်ရသွားခဲ့ရင် သူတို့နှစ်သင်းကြားမှာ ရမှတ် ကွာဟချက်က ၁မှတ်သာ ကျန်ပါတော့မယ်။

Photo Credit: Sky Sports

ဒါ့အပြင် မန်ချက်စတာ စီးတီးက ပွဲကျန်အဖြစ် လက်ရှိ အမှတ်ပေးဇယားရဲ့ အဆင့်(၁) အာဆင်နယ်နဲ့ ကစားရဖို့ ရှိနေသေးတာကြောင့် မန်ချက်စတာ စီးတီးက ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ကို ကာကွယ်ချင်ရင် မန်ချက်စတာဒါဘီမှာ မဖြစ်မနေ ရလဒ်ကောင်း တခု ရယူနိုင်ဖို့ လိုအပ်နေပါတယ်။

တဖက်မှာလည်း မန်ချက်စတာ ယူနိုက်တက်က နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ အိမ်ကွင်း ၁၄ပွဲမှာ ၁၂ပွဲ အထိ အနိုင်ရထားတာကြောင့် မန်ချက်စတာ ယူနိုက်တက်ရဲ့ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ကစားရမယ့် မန်ချက်စတာဒါဘီဟာ မန်ချက်စတာ စီးတီး အတွက် ခက်ခဲမယ့် ပွဲတပွဲ ဖြစ်လာမှာ သေချာပါတယ်။

Photo Credit: Sky Sports

ဒါကြောင့်လည်း မန်ချက်စတာ စီးတီးရဲ့ နည်းပြချုပ် ဂွာဒီယိုလာက ယခုတပတ်လုံးလုံး မန်ချက်စတာဒါဘီ အတွက် နည်းစနစ်တွေကို ကြိုတင် ပြင်ဆင်နေတာ ဖြစ်ပြီး ဂွာဒီယိုလာကတော့ သူ့မှာ ယူနိုက်တက်နဲ့ပွဲ အတွက် စဉ်းစားထားတဲ့ နည်းစနစ် တချို့ ရှိနေကြောင်း ဆိုလာပါတယ်။

ဂွာဒီယိုလာက – “ကျွန်တော်က ယူနိုက်တက်နဲ့ပွဲမှာ ပုံမှန် ကစားခွင့် ရနေတဲ့ ကစားသမားတွေကိုပဲ အသုံးပြုသွားဖို့ စဉ်းစားထားပါတယ်။ ပြီးတော့ ကျွန်တော့်မှာ အဲ့ဒီပွဲအတွက် စိတ်ကူးတချို့ ရှိပါတယ်။ အဲ့ဒီထဲမှာ ရယ်စရာကောင်းတဲ့ စိတ်ကူး တခုလည်း ပါဝင်ပါတယ်။ ဒါပေမယ့် ကျွန်တော်က ယူနိုက်တက်ရဲ့ နောက်ဆုံးပွဲတွေကို မကြည့်ရသေးပါဘူး။ ကျွန်တော်က သူတို့တွေ အိမ်ကွင်းမှာ ဘယ်လို ကစားတတ်လဲ ဆိုတာကို ကြည့်ရပါဦးမယ်။ ကျွန်တော်က ယူနိုက်တက်ရဲ့ ခြေစွမ်းကို အကဲခတ်ရမယ်။ ဒါကြောင့် ကျွန်တော့်မှာ အခုချိန် အထိ ယူနိုက်တက်နဲ့ပွဲ အတွက် စဉ်းစားထားတဲ့ ပွဲထွက်လူစာရင်း ဆိုတာ မရှိသေးပါဘူး” လို့ ပြောကြားသွားခဲ့တာပါ။