မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ပက်ပ် ဂွာဒီယိုလာက သူ့အနေနဲ့ ဒီနှစ်ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် အမှတ်ပေးဆုဖလားကြီးကို (၄)နှစ်ဆက်တိုက်အထိ ရယူသွားနိုင်လိမ့်မယ်လို့ ယုံကြည်ထားကြောင်း ကြုံးဝါးပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက သမိုင်းဝင် အောင်မြင်မှုအဖြစ် Treble Champions ဖလား (၃)လုံး ချန်ပီယံ ဖြစ်ခဲ့တဲ့ မန်စီးတီးအသင်းဟာ ဒီရာသီမှာတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲထဲ (၂)ပွဲထိ ရှုံးနိမ့်ထားသလို နောက်ဆုံး ကစားထားတဲ့ (၃)ပွဲဆက်တိုက်ထိ သရေကျထားခဲ့ရပါတယ်။

Photo Credit : Breaking News

လက်ရှိ မန်စီးတီးက အမှတ်ပေးဇယားရဲ့ အဆင့် (၃)နေရာကို ရောက်ရှိနေပြီး ထိပ်ဆုံးနေရာက အာဆင်နယ်အသင်းနဲ့ တစ်ပွဲလျော့ (၆)မှတ်ကွာ အနေအထားထိ ရောက်ရှိနေရပေမယ့် ဂွာဒီယိုလာကတော့ သူ့အသင်းအနေနဲ့ ဒီရာသီမှာလည်း ပရီးမီးယားလိဂ် ချန်ပီယံ ထပ်ဖြစ်လိမ့်မယ်လို့ ယုံကြည်နေမိကြောင်း ပြောဆိုသွားခဲ့ပါတယ်။

“ကျွန်တော်တို့အသင်း ပရီးမီးယားလိဂ်ဖလားကို ရအောင် ယူနိုင်လိမ့်မယ်လို့ ကျွန်တော် ခံစားမိနေရပါတယ်။ ကျွန်တော်တို့တွေ လီဗာပူးလ် ၊ တော့တင်ဟမ်တို့ ပွဲတွေမှာ ပြသသွားခဲ့တဲ့ ခြေစွမ်းတွေအတိုင်း ကစားနိုင်မယ်ဆိုရင် ကျွန်တော်တို့အသင်းက ပရီးမီးယားလိဂ် ချန်ပီယံ ထပ်ဖြစ်လာပါလိမ့်မယ်။”

Photo Credit : KeepUp

“ကျွန်တော်တို့ သရေ (၃)ပွဲကျပြီးချိန်မှာ ပရီးမီးယားလိဂ်ဖလားကို ထပ်ယူနိုင်လိမ့်မယ်ဆိုတာ မယုံကြည်ကြတော့ဘူး။ ကျွန်တော်တို့ကတော့ ထပ်လုပ်နိုင်မယ်လို့ပဲ ခံစားမိတယ်။ ပရီးမီးယားလိဂ်ဖလားကို (၄)နှစ်ဆက်တိုက်အထိ ရယူဖို့ မလွယ်ကူဘူး ဆိုတာတော့ ကျွန်တော် သိထားပါတယ်။”

“ဒါပေမယ့် ဒီလို ခက်ခဲမှုတွေက မနှစ်က ရာသီမှာကတည်းက ရှိနေခဲ့တာ။ ဒါပေမယ့် အခု ကျွန်တော်တို့ ထပ်လုပ်နိုင်ဦးမလားလို့ မေးလာရင်တော့ ထပ်လုပ်နိုင်လိမ့်မယ်လို့ ခံစားမိနေတယ်လို့ပဲ ကျွန်တော် ပြန်ဖြေမိမှာပါ။” လို့ ဂွာဒီယိုလာက ပြောကြားလိုက်ပါတယ်။