မန်ချက်စတာ စီးတီးနည်းပြ ပက်ပ် ဂွါဒီယိုလာက အသစ်တိုးချဲ့လိုက်တဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားရခြင်းက သူတို့အသင်းရဲ့ ၂၀၂၅-၂၆ ရာသီကို ဖျက်ဆီးသွားနိုင်ကြောင်း သတိပေးလိုက်ပြီး ပြိုင်ပွဲရဲ့သက်ရောက်မှုနဲ့ပတ်သက်လို့ လီဗာပူးလ်နည်းပြဟောင်း ယာဂန် ကလော့ပ်ရဲ့ ပြင်းထန်တဲ့ ဝေဖန်မှုကိုလည်း ထောက်ခံပြောကြားခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ကလပ်ကမ္ဘာ့ဖလားရဲ့ (၁၆)သင်းအဆင့်ကို တက်ရောက်နေပြီဖြစ်ပေမယ့် ဂွါဒီယိုလာကတော့ အမေရိကန်မှာ ကျင်းပနေတဲ့ ဒီပြိုင်ပွဲက သူ့ရဲ့အသင်းအပေါ် ရေရှည်မှာ ဘယ်လိုသက်ရောက်မှုတွေ ရှိလာမလဲဆိုတာကို စိုးရိမ်နေပါတယ်။ ကစားသမားတချို့ဟာ အနားယူချိန် ၅ ရက်သာ ရရှိပြီးနောက် ဒီပြိုင်ပွဲထဲကို ဝင်ရောက်လာရတာကြောင့် ပြိုင်ပွဲကျင်းပချိန်ဟာ သူတို့ရဲ့ရာသီကို မစတင်ခင်မှာကတည်းက လမ်းချော်သွားစေနိုင်တယ်လို့ ဂွာဒီယိုလာက ဝန်ခံခဲ့ပါတယ်။ သူဟာ မကြာသေးခင်က ပြိုင်ပွဲပုံစံကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တဲ့ လီဗာပူးလ်နည်းပြဟောင်း ကလော့ပ်ကိုလည်း ထောက်ခံစကား ဆိုခဲ့ပါတယ်။
Photo Credit : Reuters
မီဒီယာတွေကို ပြောကြားရာမှာ ဂွါဒီယိုလာက “ကျွန်တော် အဲ့ဒီအကြောင်းကို မစဉ်းစားမိအောင် ကြိုးစားနေတယ်၊ မဟုတ်ရင် ကျွန်တော် အရမ်းစိုးရိမ်လာလိမ့်မယ်။ ပရီးမီးယားလိဂ်က ခွင့်ပြုတဲ့အချိန်အတွင်းမှာပဲ ကျွန်တော်တို့ အနားယူရမှာပါ။ ပြီးတော့ တစ်ပွဲချင်း၊ တစ်လချင်းစီပဲ ကြည့်သွားရမှာပေါ့။ နိုဝင်ဘာ ဒီဇင်ဘာ ဇန်နဝါရီလောက်ကျရင်တော့ ကျွန်တော့်ကို လာမေးနိုင်ပါတယ်။ အဲ့ဒီအခါကျရင် ကျွန်တော်က ‘နားထောင်ပါ၊ ကျွန်တော်တို့ကတော့ ကပ်ဘေးဆိုက်နေပြီ၊ အရမ်းပင်ပန်းနေပြီ၊ ကမ္ဘာ့ဖလားက ကျွန်တော်တို့ကို ဖျက်ဆီးသွားပြီ’ လို့ ပြောကောင်းပြောနိုင်ပါတယ်။ဒါပေမဲ့ ဒါက ကျွန်တော်တို့ဘဝမှာ ပထမဆုံးအကြိမ် ကြုံဖူးတာပါ (အသင်း ၃၂ သင်းပါဝင်တဲ့ ကလပ်ကမ္ဘာ့ဖလား)။ ဒါကြောင့် ဘာဆက်ဖြစ်မလဲ စောင့်ကြည့်ရမှာပါပဲ”။
“ဒါကြောင့် ကျွန်တော်က စိတ်အေးအေးထားပြီး ဒီကနေ့ရက်တွေကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းဖို့ ကျွန်တော်တို့မှာရှိတဲ့ ကောင်းမွန်တဲ့ခံစားချက်တွေ ပြိုင်ဆိုင်မှုတွေကို ခံစားပြီး အနိုင်ရဖို့ ကြိုးစားသွားမှာပါ။ အရေးကြီးဆုံးကတော့ အားပြန်ဖြည့်ဖို့ ကျွန်တော်တို့ ဘယ်သူတွေလဲဆိုတာကို ပြန်လည်ရှာဖွေဖို့ပါပဲ။ ဒါက ဒီပြိုင်ပွဲမှာ ကျွန်တော့်ရဲ့ အဓိကပစ်မှတ်ပါပဲ” လို့ ဂွါဒီယိုလာက ပြောပါတယ်။
Photo Credit : Goal
ကလော့ပ်ရဲ့ ဝေဖန်မှုနဲ့ ပတ်သက်လို့တော့ ဂွါဒီယိုလာက “သူ့ရဲ့အတွေးက ဘယ်ကလာတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ကျွန်တော်တို့ UEFA အစည်းအဝေးတွေမှာ အထူးသဖြင့် ပရီးမီးယားလိဂ် ပွဲစဉ်ဇယားနဲ့ပတ်သက်ပြီး ဆွေးနွေးတဲ့အခါ အရည်အသွေးပိုကောင်းအောင် ဘယ်လိုလုပ်မလဲဆိုတာနဲ့ ပတ်သက်ပြီး အများကြီး တိုက်ပွဲဝင်ခဲ့ကြပါတယ်။ နည်းပြတွေနဲ့ ကစားသမားတွေကို ပိုပြီး အနားယူခွင့်ပေးဖို့ ကျွန်တော်တို့ ဆွေးနွေးခဲ့ကြတယ်။ ဒါကြောင့် ကလပ်ကမ္ဘာ့ဖလားနဲ့ပတ်သက်တဲ့ သူ့ရဲ့မှတ်ချက်တွေက ကျွန်တော့်ကို အများကြီး အံ့အားသင့်စေခဲ့ခြင်း မရှိပါဘူး။ ကျွန်တော် သူ့ကို နားလည်ပါတယ်။ သူ့ကို လေးစားပါတယ်။ ယာဂန်နဲ့ ကျွန်တော်ဟာ ပြိုင်ဘက်တွေအနေနဲ့ နှစ်ပေါင်းများစွာ အံ့အားသင့်စရာကောင်းတဲ့ ဆက်ဆံရေး ရှိခဲ့ပါတယ်။”
“အခု သူက (နည်းပြ) ရာထူးကနေ နောက်ဆုတ်သွားပြီဆိုတော့ သူ့ရဲ့အငြင်းအခုံကို ကျွန်တော် နားလည်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်လည်း သူ့ရဲ့အငြင်းအခုံကို ခုခံကာကွယ်ပေးမှာပါပဲ။ တစ်ချိန်တည်းမှာပဲ နည်းပြတွေအနေနဲ့ ကျွန်တော်တို့က အလုပ်တစ်ခုကို လုပ်နေတာပါ။ ကျွန်တော်တို့က FIFA UEFA နဲ့ ပရီးမီးယားလိဂ်ရဲ့ စည်းမျဉ်းတွေကို လိုက်နာရပါတယ်။ အသင်းပေါင်းများစွာက ဒီပြိုင်ပွဲတွေနဲ့ပတ်သက်ပြီး မကျေမနပ်ပြောကြတယ်။ ဘာလို့လဲဆိုတော့ သူတို့ ဒီနေရာမှာ မရှိနေလို့ပါ။ မဟုတ်ရင် သူတို့ ဒီမှာရှိနေရတာကို သဘောကျကောင်းကျနိုင်ပါတယ်။ သူတို့ရဲ့ မီဒီယာတွေ ပရိသတ်တွေ ဒီမှာရှိနေမှာဖြစ်ပြီး၊ ဒီမှာရှိနေခြင်းအတွက် ဝင်ငွေလည်း ရရှိမှာဖြစ်လို့ သူတို့ ဒီမှာရှိနေရတာကို ပျော်ရွှင်နေကြမှာပါ။ ဟုတ်ပါတယ် ဒါက နည်းပြအတွက် အကောင်းဆုံးအခြေအနေတော့ မဟုတ်ပါဘူး။ နောက်ရာသီအတွက် ပြင်ဆင်ဖို့ နှစ်လလောက် အချိန်ရချင်လားဆိုရင် ဟုတ်ကဲ့၊ ရချင်ပါတယ်။ နောက်ရာသီအတွက် လန်းဆန်းတက်ကြွနေချင်လားဆိုရင် ဟုတ်ကဲ့၊ ဖြစ်ချင်ပါတယ်။ ဒါပေမဲ့ အခြေအနေကတော့ ဒီအတိုင်းပါပဲ” လို့ ဂွါဒီယိုလာက ရှင်းပြခဲ့ပါတယ်။