မနေ့ညက ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ် ပွဲစဉ်တွေအတွက် မဲနှိုက်ရေးဆွဲမှု ပြုလုပ်ခဲ့ရာ လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးအသင်းက ချန်ပီယံလိဂ်ရဲ့ အအောင်မြင်ဆုံးအသင်း ရီးယဲလ်မက်ဒရစ်နဲ့ တိုက်တိုက်ဆိုင်ဆိုင် ထပ်မံ တွေ့ဆုံနေခဲ့ရပါတယ်။

ရီးယဲလ်နဲ့ မန်စီးတီးတို့ဟာ ဒီနောက်ပိုင်းနှစ်တွေထဲ ချန်ပီယံလိဂ်မှာ တကယ့်ကို မကြခဏ ဆုံတွေ့နေကြပြီး ၂၀၂၀ကနေ စတင်ကာ ချန်ပီယံလိဂ်မှာပဲ (၄)ကြိမ်အထိ ဆုံတွေ့နေရသလို အခုလည်း ၂၀၂၂ ၊ ၂၀၂၃ ၊ ၂၀၂၄ (၃)နှစ်ဆက်တိုက်အထိပါ တိုက်တိုက်ဆိုင်ဆိုင် ထိပ်တိုက် တွေ့ဆုံနေရပါတယ်။

Photo Credit : Manchester City FC

ဒီတွေ့ဆုံမှုနဲ့ ပတ်သက်ပြီး မန်စီးတီးနည်းပြ ပက်ပ် ဂွာဒီယိုလာက “ဒါကို ကြည့်ရတာက အစဉ်အလာလိုတောင် နည်းနည်း ဖြစ်နေသလိုပါပဲ။ ဒီပြိုင်ပွဲရဲ့ ဘုရင်အသင်းနဲ့မှ (၃)နှစ်ဆက်တိုက်တောင် ကစားခဲ့ရတာပါ။ ကျွန်တော်တို့အတွက် ကောင်းမွန်တဲ့ အခိုက်အတန့် ရောက်လာနိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။”

“ဒါပေမယ့် မက်ဒရစ်နဲ့ ပထမဆုံးပွဲ မကစားရခင် တခြားကစားရမယ့် ပွဲတွေလည်း ရှိနေပါသေးတယ်။ လူတွေကတော့ ဒီတွေ့ဆုံမှုက လွယ်ကူပါတယ်လို့ ပြောနေကြပေမယ့် ပြိုင်ဘက်အသင်းကို လျှော့တွက်လို့ မဖြစ်သလို ရီးယဲလ်မက်ဒရစ် ဆိုတာကလည်း ဒီပြိုင်ပွဲမှာ ဘာဆိုတာကို ထုတ်ပြောစရာတောင် မလိုအပ်တဲ့ အသင်းမျိုးပါ။”

Photo Credit : SportCo

“ချန်ပီယံလိဂ်မှာ ရှုံးထွက် နောက်ဆုံးအဆင့်တွေကို ကစားနေရတဲ့အချိန် ဥရောပရဲ့ အကောင်းဆုံးအသင်းတွေနဲ့သာ ယှဉ်ပြိုင်ကစားရလေ့ရှိပြီး ရီးယဲလ်မက်ဒရစ်ဟာလည်း အဲ့ဒီလို အသင်းတွေထဲမှာ လုံးဝ ပါဝင်လို့နေပါတယ်။”

“ဒါပေမယ့် ဘယ်ပြိုင်ဘက် ကလပ်အသင်းတိုင်းမဆို တကယ်ကို ခက်ခဲလှတယ် ဆိုတာကိုလည်း လူတိုင်း သိကြပါတယ်။ ဒီပြိုင်ပွဲက တကယ့်ကို ကြီးကျယ်ခမ်းနားပြီး အရမ်းမိုက်တဲ့ ပြိုင်ပွဲဖြစ်လို့ ဒီအဆင့်ထိ ရောက်နေတာက အသင်းအတွက် အထူးအခွင့်အရေး ဖြစ်နေသလို မဲနှိုက်ရေးဆွဲမှု မစတင်ခင်ကတည်းက စိတ်လှုပ်ရှားနေရတယ်။” လို့ ဂွာဒီယိုလာက ပြောဆိုသွားခဲ့ပါတယ်။