ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ နည်းပြချုပ် ဖြစ်သူ ပပ် ဂွာဒီယိုလာက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာဒါဘီမှာ မြို့ခံပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်ကို အဝေးကွင်းမှာ ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အရှုံးပေးခဲ့ရပြီးနောက် သူတို့အသင်း အတွက် ပရီးမီးယားလိဂ်ဖလားက အရေးမပါကြောင်း ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ စီးတီးက ပရီးမီးယားလိဂ် ပွဲစဉ်(၂၀) အဖြစ် အဝေးကွင်းမှာ မန်ချက်စတာ ယူနိုက်တက်ကို သွားရောက် ရင်ဆိုင် ကစားခဲ့ရာ အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက်ကို ကစားပုံပိုင်းအရ အသာစီး မရခဲ့သလို တပွဲလုံးမှာလည်း ဂိုးရရှိခဲ့တဲ့ ဂရီးလစ်ရှ်ရဲ့ ခေါင်းတိုက်ချက် တကြိမ်သာ ဂိုးပေါက်တည့်ခဲ့ပါတယ်။

Photo Credit: AP

တဖက်မှာတော့ အိမ်ရှင် မန်ချက်စတာ ယူနိုက်တက်က ပွဲစပွဲဆုံး မန်ချက်စတာ စီးတီးဘက်ကို ဖိအားပေး ကစားသွားနိုင်ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ ကျစ်လျစ်တဲ့ ခံစစ်ကြောင်း ၊ လျင်မြန်လှတဲ့ တန်ပြန်တိုက်စစ်တွေကြောင့် ဂွာဒီယိုလာတို့အုပ်စု ခေါင်းစားခဲ့ကြရကာ မန်ချက်စတာ ယူနိုက်တက် အတွက် သွင်းဂိုးတွေကို ပွဲချိန် ၇၈မိနစ်မှာ ဖာနန်ဒက်နဲ့ ပွဲချိန် ၈၂မိနစ်မှာ ရက်ဖို့ဒ်တို့က အသီးသီး သွင်းယူပေးခဲ့ကြပြီး မန်ချက်စတာ စီးတီး အတွက် တလုံးထဲသော သွင်းဂိုးကိုတော့ ပွဲချိန် ၆၀မိနစ်မှာ လူစားဝင် ကစားသမား ဂရီးလစ်ရှ်က သွင်းယူပေးခဲ့တာပါ။

မန်ချက်စတာဒါဘီမှာ အရှုံးရလဒ်နဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် မန်ချက်စတာ စီးတီးက အဆင့်၁နေရာမှာ ရှိနေတဲ့ အာဆင်နယ်ထက် ၁ပွဲပို ကစားထားပြီး ရမှတ် ၅မှတ် အထိ နည်းပါးနေကာ ယနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် စပါးနဲ့ အာဆင်နယ်တို့ရဲ့ လန်ဒန်ဒါဘီမှာသာ အာဆင်နယ်ဟာ ရလဒ်ကောင်း တခု ရသွားရင် မန်ချက်စတာ စီးတီးက အမှတ်ပေးချန်ပီယံဘွဲ့ကို လက်လွှတ်ရဖို့ ရာခိုင်နှုန်း များပြားသွားမှာ ဖြစ်ပါတယ်။

Photo Credit: Goal

ဒါကြောင့်လည်း မန်ချက်စတာဒါဘီ အပြီးမှာ သတင်းထောက်တွေက ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ကို မကာကွယ်နိုင်တော့မှာ မကြောက်ဘူးလားလို့ ဂွာဒီယိုလာကို မေးမြန်းခဲ့ကြတာ ဖြစ်ပြီး ဂွာဒီယိုလာကတော့ သူတို့အသင်းဟာ ပရီးမီးယားလိဂ် ဆုဖလားကို အကြိမ်အများကြီး ရထားတာကြောင့် ပရီးမီးယားလိဂ်ဖလားက သူတို့အတွက် အရေးမပါတော့ဘူးလို့ ပြန်လည် ဖြေကြားသွားခဲ့ပါတယ်။

ဂွာဒီယိုလာက – “ကျွန်တော်က ပရီးမီးယားလိဂ်နဲ့ ကာရာဘောင်းဖလားတို့ကို စိတ်မဝင်စားတော့ပါဘူး။ ကျွန်တော်တို့က အဲဒီပြိုင်ပွဲတွေမှာ ဗိုလ်မစွဲနိုင်တော့ဘူးလေ။ ကျွန်တော်တို့က အဲ့ဒီ ဆုဖလားတွေကို အကြိမ်ရေ အများကြီး ရခဲ့ပြီးပါပြီ။ ဒီတော့ တနှစ်တလေ မရတာက ကျွန်တော်တို့အတွက် ပြဿနာ မရှိပါဘူး။ အခုချိန်က တခြားအသင်းတွေကို ဒီဆုဖလားတွေ တလှည့် ကိုင်မြှောက်ခွင့် ပေးရမယ့် အချိန်ပါ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပါ။