လီဗာပူးလ်အသင်းရဲ့ နည်းပြကြီး ယာဂန် ကလော့ပ်က သူ ရင်ဆိုင်ခဲ့သမျှ နည်းပြတွေအားလုံးထဲကမှ အကောင်းဆုံး ပြိုင်ဘက်နည်းပြတစ်ဦး ဖြစ်တယ်လို့ မန်ချက်စတာ စီးတီး နည်းပြ ပက်ပ် ဂွာဒီယိုလာက မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ မန်စီးတီးအသင်း နဲ့ လီဗာပူးလ်အသင်းတို့က ချန်ပီယံဆုအတွက် အမြဲတမ်း အပြိုင်အဆိုင် ဖြစ်နေကြတက်သလို ဒီအသင်းတွေရဲ့ နည်းပြတွေဖြစ်တဲ့ ဂွာဒီယိုလာ နဲ့ ကလော့ပ်တို့ နည်းစနစ်ပိုင်း အားပြိုင်မှုတွေဟာလည်း အမြဲတမ်း စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။

Photo Credit : Transfermarket

ဒါပေမယ့် လီဗာပူးလ်နည်းပြကြီး ကလော့ပ်က ဒီရာသီအကုန်မှာပဲ လီဗာပူးလ်အသင်းနဲ့ လမ်းခွဲတော့မယ်လို့ အသိပေး ထုတ်ပြန်ခဲ့ပြီးနောက် အခုနှစ် ဘောလုံးရာသီ ကုန်ဆုံးသွားတာနဲ့ ဂွာဒီယိုလာ ကလော့ပ်တို့ရဲ့ အားပြိုင်မှုဟာလည်း တစ်ခန်းရပ်သွားတော့မှာပဲ ဖြစ်ပါတယ်။

အခုလို ကလော့ပ် ထွက်ခွာတော့မှာနဲ့ ပတ်သက်ပြီး စီးတီးနည်းပြ ဂွာဒီယိုလာက “ကလော့ပ် ထွက်သွားတော့မယ်ဆိုတော့ ကျွန်တော်လည်း ကောင်းကောင်းမွန်မွန် အိပ်စက်ရတော့မှာပေါ့။ ဘာလို့လဲဆိုတော့ လီဗာပူးလ်အသင်းနဲ့ ကစားရမယ့်ရက် မတိုင်ခင်တွေဆိုရင် ကျွန်တော် သေချာမအိပ်နိုင်ဘူး။”

Photo Credit : Sky Sports

“ကလော့ပ်က ကျွန်တော့်ဘဝရဲ့ အကောင်းဆုံးသော ပြိုင်ဘက်တစ်ဦးပါပဲ။ အကောင်းဆုံး ဖြစ်လာပါစေလို့ ကျွန်တော် ဆုတောင်းပေးလိုက်ပါတယ်။ သူ နည်းပြနယ်ပယ်ထဲကို သေချာပေါက် ပြန်လည် ဝင်ရောက်လာမှာပါ။” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

လက်ရှိမှာတော့ ကလော့ပ်ရဲ့ လီဗာပူးလ် နဲ့ ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းတို့က ပရီးမီးယားလိဂ်မှာသာမကဲ အက်ဖ်အေဖလားဘက်မှာပါ ချန်ပီယံတွေအဖြစ် ဆုံတွေ့နိုင်ဖွယ် ရှိနေပြီး သူတို့နှစ်ဦးရဲ့ ဒီရာသီ အားပြိုင်မှုမှာ ဘယ်နည်းပြက အသာရသွားမလဲ ဆိုတာကလည်း စိတ်ဝင်စားဖို့ကောင်းနေရပါတယ်။