မန်ချက်စတာ စီးတီးအသင်းနည်းပြ ပက်ပ် ဂွါဒီယိုလာက ဒီနွေရာသီအပြောင်းအရွှေ့မှာ သူ့အသင်းထက် ငွေသုံးပိုကြမ်းခဲ့ကြတဲ့ မန်ချက်စတာ ယူနိုက်တက်၊ လီဗာပူးလ်၊ အာဆင်နယ်နဲ့ ချယ်လ်ဆီးအသင်းတို့ကို အရွှန်းဖောက်ပြီး ထေ့ငေါ့ပြောဆိုလိုက်ပါတယ်။
ဒီနွေရာသီမှာ လီဗာပူးလ်အသင်းက ယူရို သန်း(၃၄၀)ဝန်းကျင်၊ ချယ်လ်ဆီးက ယူရို သန်း(၂၈၀)ဝန်းကျင်၊ အာဆင်နယ်က အီဘီရီချီ အီဇေးကို ခေါ်ယူပြီးပါက ယူရို သန်း(၃၀၀)နီးပါးနဲ့ ယူနိုက်တက်က ယူရို (၂၂၅)သန်းကျော် သုံးစွဲခဲ့ကြပါတယ်။ ဒါကို မန်စီးတီးရဲ့ ယူရို (၁၇၇)သန်းဝန်းကျင် သုံးစွဲမှုနဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ ဒါပေမဲ့ စီးတီးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ယူရို (၂၁၈)သန်းကျော် သုံးစွဲခဲ့ပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒါက ဂွာဒီယိုလာကို သူ့ရဲ့ပြိုင်ဘက်တွေအပေါ် အရွှန်းဖောက်ဖို့ တားဆီးနိုင်ခဲ့ခြင်း မရှိပါဘူး။
Photo Credit : Goal
ဂွါဒီယိုလာက သတင်းထောက်တွေကို “ကျွန်တော်လည်း မသိပါဘူး၊ ဒါပေမဲ့ ကလပ်အသင်းတွေက တင်းကျပ်တဲ့ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းတွေ (PSR) နဲ့အညီ သုံးစွဲကြတာပါ၊ သူတို့ သုံးနိုင်မှပဲ သုံးကြတာပါ။ အခုတော့ မန်စီးတီးတစ်သင်းတည်း (ငွေသုံးကြမ်းတာ) မဟုတ်တော့ဘူးဆိုတာ ထင်ရှားပါတယ်။ အသင်းတိုင်းက သူတို့အသင်းအတွက် အကောင်းဆုံးလို့ ယုံကြည်တာကို လုပ်ကြတာပါပဲ။”
“ကျွန်တော်သိတာက ပြီးခဲ့တဲ့ ၁၀-၁၁ နှစ်အတွင်း ကျွန်တော်တို့ရဲ့ အသားတင်သုံးစွဲငွေ (Net Spend) က အံ့မခန်းပါပဲ။ သင်က ကစားသမားမရောင်းရင် ငွေမသုံးပါဘူး။ ကျွန်တော်တို့က (ကစားသမားရောင်းတဲ့နေရာမှာ) တကယ်တော်ပါတယ်။ ဒါကြောင့်ပဲ ကျွန်တော်တို့အသင်းက ရေရှည်တည်တံ့နိုင်နေတာပါ။” လို့ ပြောကြားခဲ့ပါတယ်။
Photo Credit : Football365
အသားတင်သုံးစွဲငွေ (Net Spend) ဆိုတာက ကစားသမားဝယ်ယူမှုအတွက် အသုံးပြုခဲ့တဲ့ငွေထဲက ကစားသမားပြန်လည်ရောင်းချလို့ရတဲ့ငွေကို နှုတ်ပြီး ကျန်ရှိတဲ့ တကယ့်အသုံးစရိတ် အစစ်အမှန်ကို ဆိုလိုတာဖြစ်ပါတယ်။ စီးတီးဟာ ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း မကြုံစဖူးအောင်မြင်မှုတွေ ရယူခဲ့စဉ်က ငွေသုံးအကြမ်းဆုံး အသင်းတွေထဲက တစ်သင်းဖြစ်ခဲ့ပေမယ့် သူတို့ရဲ့ အသားတင်သုံးစွဲငွေကတော့ အထက်မှာဖော်ပြခဲ့တဲ့ ပြိုင်ဘက်အသင်းတချို့ထက် ပိုနည်းပါးပါတယ်။
ဒီနွေရာသီမှာတော့ ပရီးမီးယားလိဂ်ကလပ်တွေဟာ စံချိန်တင် ပေါင် (၂.၃၇)ဘီလီယံအထိ သုံးစွဲခဲ့ကြပြီး ဒါဟာ အပြောင်းအရွှေ့ကာလတစ်ခုတည်းမှာ အများဆုံးသုံးစွဲမှု ဖြစ်လာခဲ့ပါတယ်။ ဒီသုံးစွဲမှုတွေက ရေရှည်မှာ တည်တံ့နိုင်မှာ မဟုတ်ပေမယ့် ဒီရာသီ ချန်ပီယံဆုပြိုင်ပွဲကိုတော့ အလွန်အကြိတ်အနယ်ရှိစေမှာ သေချာပါတယ်။ အပြောင်းအရွှေ့ဈေးကွက်ပိတ်သိမ်းဖို့ တစ်ပတ်ကျော်သာ လိုတော့တဲ့အချိန်မှာ ငွေသုံးကြမ်းမှုတွေ ထပ်မံဖြစ်ပွားလာနိုင်သေးပြီး အထူးသဖြင့် လီဗာပူးလ်အသင်းက နယူးကာဆယ်တိုက်စစ်မှူး အလက်ဇန္ဒား အီဆတ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေတာကို တွေ့ရပါတယ်။