မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြ ပက်ပ် ဂွာဒီယိုလာက မကြာခင်မှာ ကျင်းပသွားတော့မယ့် ယူရို-၂၀၂၄ပြိုင်ပွဲကြီးမှာ အင်္ဂလန်လက်ရွေးစင်အသင်းက အောင်မြင်မှုတွေ ရယူသွားနိုင်လိမ့်မယ်လို့ ခန့်မှန်းပြောဆိုလိုက်ပါတယ်။

နည်းပြ ဂါရတ် ဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်းဟာ ပြီးခဲ့တဲ့ ယူရို-၂၀၂၀မှာ ဒုတိယနေရာ ၊ ၂၀၂၂ ကမ္ဘာ့ဖလားမှာ ကွာတားဖိုင်နယ်တွေဆီ ရောက်ရှိခဲ့ပြီး ဇွန်လထဲမှာ ကျင်းပတော့မယ့် ယူရို-၂၀၂၄မှာလည်း ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းအဖြစ် သတ်မှတ်ခံထားရပါတယ်။

Photo Credit : Youtube

အင်္ဂလန်အသင်းဟာ ၁၉၆၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ပြီးနောက်ပိုင်း ဘယ်ပြိုင်ပွဲမှာမှ ဗိုလ်စွဲနိုင်ခြင်း မရှိခဲ့တဲ့အပြင် ယူရို-၂၀၂၀မှသာ ဖိုင်နယ်အဆင့်ဆီ ပထမဆုံးအကြိမ်အဖြစ် တက်လှမ်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ပြိုင်ပွဲတစ်ခု မစတင်ခင်တိုင်းမှာ အင်္ဂလန်က ဗိုလ်စွဲနိုင်တဲ့ အသင်းအဖြစ် ရေပန်းစားခဲ့ပေမယ့် အခုထိတော့ အောင်မြင်မှုတွေ ဆုဖလားတွေနဲ့က အလှမ်းဝေးနေရပါသေးတယ်။

ဒါပေမယ့် အင်္ဂလန်အသင်းအပေါ် စီးတီးနည်းပြ ဂွာဒီယိုလာရဲ့ အမြင်ကတော့ “နိုင်ငံလက်ရွေးစင်အသင်းကလား။ သူတို့က တကယ်ကောင်းပါတယ်။ တိုက်စစ်ကစားသမားတွေရဲ့ အရည်အချင်းတွေပဲ ကောင်းရုံတင်မကဘူး။ ကစားသမားတွေ အားလုံးလိုလိုက ကောင်းမွန်နေတာ။ ဂါရတ်ကလည်း သူဘာလုပ်ရမယ်ဆိုတာကို သူကောင်းကောင်းသိနေပါတယ်။”

Photo Credit : TEAMtalk

“ဒါက ကျွန်တော်ရော လူတိုင်းမှာရော ရှိနေတဲ့ ခံစားချက်ပါပဲ။ နောက်ပြီး အင်္ဂလန်လက်ရွေးစင်အသင်းကလည်း ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားနဲ့ ယူရိုပြိုင်ပွဲတွေမှာ ခြေလှမ်းသစ်တွေ လှမ်းနိုင်ခဲ့ကြသေးတယ်။ သူတို့ အောင်မြင်မှုရဖို့ နီးစပ်နေပါပြီ။ ဆုဖလားတွေ ရယူနိုင်ဖို့ တကယ်ကို နီးစပ်လို့နေပြီ။”

“ဒါက ကျွန်တော်တို့အသင်းနဲ့လည်း ဆင်တူနေတယ်။ ကျွန်တော်တို့နဲ့လည်း အလွန်နီးစပ်တဲ့ အခြေအနေတွေဆီ ရောက်ခဲ့ပြီး နောက်ဆုံးမှာတော့ ဥရောပ ဆုဖလားကြီးကို ကိုင်မြှောက်ခဲ့ရတယ်။ ယုံကြည်မှုရှိဖို့ပဲ လိုတာပါ။ ငါတို့တွေ လုပ်နိုင်မယ်လို့ ယုံကြည်မှုထားရင် တကယ်ကို လုပ်ဆောင်လာနိုင်ပါလိမ့်မယ်။” လို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။