ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ နည်းပြချုပ် ဖြစ်သူ ပပ် ဂွာဒီယိုလာက သူ့ရဲ့ လက်ထောက်နည်းပြဟောင်း ဖြစ်သလို လက်ရှိမှာ အာဆင်နယ်ကို အကောင်းဆုံး ဦးဆောင်ပေးထားတဲ့ အာတီတာဟာ မန်ချက်စတာ စီးတီးရဲ့ နည်းပြ ဖြစ်လာနိုင်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

စပိန်လက်ရွေးစင် ကစားသမားဟောင်း တဦး ဖြစ်သလို လက်ရှိမှာ အာဆင်နယ်ရဲ့ နည်းပြချုပ် အဖြစ် တာဝန်ယူ ဆောင်ရွက်နေတဲ့ အာတီတာက ၂၀၁၆ခုနှစ် ကနေ ၂၀၁၉ခုနှစ် အထိ မန်ချက်စတာ စီးတီးမှာ ဂွာဒီယိုလာရဲ့ လက်ထောက်နည်းပြ အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။

Photo Credit: Sky Sports

အသက် ၄၀ အရွယ် အာတီတာက ကစားသမား ဘဝမှာ အာဆင်နယ်ရဲ့ အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ရတဲ့ အထိ အောင်မြင်မှုတွေ ရယူနိုင်ခဲ့သလို သူ့ရဲ့ နည်းစနစ်ပိုင်း ကျေညက်မှု ၊ ဦးဆောင်နိုင်မှုနဲ့ အသင်းသားတွေကို လှုံ့ဆော်ပေးနိုင်မှုတို့ကြောင့်ပဲ နည်းပြတဦး အဖြစ် ပြောင်းလဲ လုပ်ကိုင်ချိန်မှာ အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပါတယ်။

အာတီတာရဲ့ အာဆင်နယ်က လက်ရှိမှာ ပရီးမီးယားလိဂ်ရဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေနိုင်သလို အာတီတာက အာဆင်နယ်ကို ကိုင်တွယ်ခဲ့တဲ့ ၃နှစ်ကျော် ကာလအတွင်းမှာ အက်ဖ်အေဖလား ၁ကြိမ်နဲ့ ကွန်မြူနတီဒိုင်း ၁ကြိမ်တို့ကိုလည်း အရယူနိုင်ခဲ့ပါတယ်။

Photo Credit: Sky Sports

ဒါကြောင့်ပဲ ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက အာတီတာဟာ အနာဂတ်မှာ သူ့ရဲ့ ဆရာဟောင်းတွေ ဖြစ်တဲ့ ဂွာဒီယိုလာ ၊ အာစင်ဝင်းဂါးတို့လို ထိပ်တန်းနည်းပြ တဦး ဖြစ်လာလိမ့်မယ်လို့ ထင်ကြေးပေးထားကြပြီး ဂွာဒီယိုလာကလည်း အာတီတာဟာ အနာဂတ်မှာ မန်ချက်စတာ စီးတီးရဲ့ နည်းပြတဦး ဖြစ်လာနိုင်ကြောင်း ဆိုလာပါတယ်။

ဂွာဒီယိုလာက – “တကယ်လို့ ကျွန်တော်ကသာ သူ အာဆင်နယ်နည်းပြ မဖြစ်ခင်မှာ မန်ချက်စတာ စီးတီး ကနေ ထွက်ခွာဖြစ်ခဲ့မယ် ဆိုရင် သူက အသင်းရဲ့ နည်းပြသစ် ဖြစ်လာနိုင်ချေ ရှိပါတယ်။ သူက မန်ချက်စတာ စီးတီးရဲ့ နည်းပြ ဖြစ်လာမယ်လို့လည်း ထင်ပါတယ်။ သူက အကောင်းဆုံးနည်းပြ တဦးလည်း ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် စိတ်မကောင်းစရာက ကျွန်တော်ဟာ အသင်းနဲ့ စာချုပ်သက်တမ်း တိုးခဲ့သလို သူကလည်း အသင်းရဲ့ နည်းပြ ဖြစ်လာတဲ့ အချိန်အထိ စောင့်ဆိုင်းဖို့ စိတ်ကူးမရှိခဲ့ပါဘူး။ ဒါကြောင့်ပဲ အာတီတာက မန်ချက်စတာ စီးတီးရဲ့ နည်းပြ မဖြစ်ခဲ့တာပါ။ ဒါပေမယ့် တချိန်မှာတော့ ဒါက ဖြစ်လာနိုင်ပါသေးတယ် (အာတီတာက မန်ချက်စတာ စီးတီးရဲ့ နည်းပြ ဖြစ်လာမှုအား ရည်ရွယ်လျက်) ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။