မန်ချက်စတာ စီးတီးအသင်းကတော့ မနေ့ညက အယ်တီဟတ်ကွင်းမှာ ခရစ္စတယ် ပဲလေ့စ်အသင်းကို ဧည့်ခံကစားသွားခဲ့ပြီး ပွဲကို (၂)ဂိုးပြတ်နဲ့ ပြတ်ပြတ်သားသား ဦးဆောင်ခဲ့ပေမယ့်လည်း ပွဲပြီးခါနီးမှာ ခွင့်ပြုလိုက်ရတဲ့ ချေကဂိုးကြောင့် ရမှတ် (၂)မှတ် ထပ်မံ ဆုံးရှုံးခဲ့လိုက်ရပြန်ပါတယ်။

မန်စီးတီးအသင်းဟာ ပဲလေ့စ်အသင်းနဲ့ ရင်ဆိုင်ခဲ့တဲ့ ပွဲစဉ်အတွင်း ဂရီးလစ်ရှ် ရီကိုလူးဝစ်တို့ရဲ့ သွင်းဂိုးတွေနဲ့ အသေအချာ ဦးဆောင်ထားခဲ့ရာကနေ မာတေတာရဲ့ ပထမ ချေပဂိုး ခွင့်ပြုခဲ့ပြီး ပွဲပြီးဆုံးခါနီး ပင်နယ်တီ ခွင့်ပြုလိုက်ရပြန်ကာ အဲ့ဒီ ပင်နယ်တီ ချေပဂိုးနဲ့ပဲ (၂)ဂိုးစီ သရေကျသွားခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit : The Independent

ဒီရလဒ်ကြောင့် မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ် အိမ်ကွင်း (၃)ပွဲဆက်တိုက် သရေကျခဲ့ရပြီး (၆)မှတ်အထိ ဆုံးရှုံးခဲ့ရပါတယ်။ ဒါ့အပြင် မန်စီးတီးဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၇)ပွဲအတွင်း နိုင်ပွဲ (၂)ပွဲသာ ရရှိခဲ့ပြီး (၄)ပွဲသရေကျခဲ့သလို (၁)ပွဲပါ ရှုံးနိမ့်ခဲ့ရပါတယ်။

ဒီပွဲစဉ်နဲ့ ပတ်သက်ပြီး မန်စီးတီးနည်းပြ ပက်ပ် ဂွာဒီယိုလာက “ဒါက ကံဆိုးခဲ့တာ မဟုတ်ပါဘူး။ ထိုက်တန်ခဲ့တာပါ။ ကျွန်တော်တို့က ရမှတ် (၂)မှတ်ကို စွန့်လွတ်လိုက်တာပါ။ ကျွန်တော်တို့က ပင်နယ်တီ ကန်ခွင့်ပေးလိုက်လို့ ဒီရလဒ်က ထိုက်တန်ခဲ့ပါတယ်။”

Photo Credit : ESPN

“ကျွန်တော်တို့က ပွဲတွေကို အနိုင်ရအောင် ကစားနိုင်ခြင်း မရှိပါဘူး။ ကျွန်တော်ရဲ့ အိမ်ကွင်းတွေမှာ ဒီလိုမျိုးတွေချည်းပဲ ဖြစ်နေရတယ်။ လီဗာပူးလ်နဲ့ပွဲမှာလည်း ဖြစ်ခဲ့တယ်။ စပါးနဲ့ပွဲမှာလည်း ဖြစ်ခဲ့ရတယ်။ ကျွန်တော်တို့က ရမှတ်တွေကို မစုဆောင်းနိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ ဘာမှကို မလုပ်ဆောင်နိုင်ခဲ့ပါဘူး။” လို့ ပြောဆိုသွားခဲ့ပါတယ်။

လက်ရှိမှာတော့ ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို သွားရောက် ဆင်နွဲဖို့အတွက် ဆော်ဒီကို သွားရောက်နေပြီဖြစ်ပြီး ဆီမီးဖိုင်နယ် ပွဲစဉ်အဖြစ် AFC ချန်ပီယံလိဂ်ရဲ့ ချန်ပီယံဖြစ်တဲ့ ဂျပန် ဂျေလိဂ်ကလပ် အူရာဝရတ်စ်အသင်းနဲ့ တွေ့ဆုံသွားမှာပဲ ဖြစ်ပါတယ်။