ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ နည်းပြချုပ် ဖြစ်သူ ပပ် ဂွာဒီယိုလာက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဗီလာကို ၁-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ပြိုင်ဘက် ဗီလာဟာ သူတို့အသင်းထက် ကစားပုံ ပိုကောင်းခဲ့တယ်လို့ ဝန်ခံသွားခဲ့ပါတယ်။

မန်ချက်စတာ စီးတီးနဲ့ အက်စ်တွန်ဗီလာတို့က ဒီရာသီမှာ ပုံစံကောင်းတွေ ရနေတဲ့ အသင်းတွေ ဖြစ်ကြပြီး မန်ချက်စတာ စီးတီးက ချန်ပီယံဆု အတွက် တိုက်ပွဲဝင်နေသလို အက်စ်တွန်ဗီလာကလည်း ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ အတွက် အားသွန်ခွန်စိုက် ကြိုးစားနေတာပါ။

Photo Credit: Sky Sports

ဒါကြောင့်ပဲ ဗီလာနဲ့ မန်ချက်စတာ စီးတီးတို့ ဗီလာရဲ့ အိမ်ကွင်းဖြစ်တဲ့ ဗီလာပါ့တ်မှာ ယှဉ်ပြိုင် ကစားခဲ့ကြရာ နှစ်သင်းစလုံးက အနိုင်ရရှိဖို့ အတွက် ဦးတည်ကာ ကြိုးစား ကစားခဲ့ကြပြီး အိမ်ရှင် ဗီလာက အံ့အားသင့်ဖွယ် ကောင်းလောက်အောင် ဧည့်သည် မန်ချက်စတာ စီးတီးထက် ခြေစွမ်းပိုင်းမှာ ပိုသာအောင် ကစားသွားနိုင်ခဲ့ပါတယ်။

အဆိုပါပွဲမှာ ဗီလာက ပွဲစပွဲဆုံး မန်ချက်စတာ စီးတီးဘက်ကို တရစပ် ဖိအားပေး တိုက်စစ်ဆင် ကစားသွားခဲ့ပြီး ဗီလာက ဂိုးကန်သွင်းခွင့် ၂၂ကြိမ် အထိ ရရှိခဲ့ချိန်မှာ ဧည့်သည် မန်ချက်စတာ စီးတီးကတော့ တပွဲလုံးမှာ ဂိုးကန်သွင်းခွင့် ၂ကြိမ်ထဲသာ ရရှိခဲ့ပါတယ်။

Photo Credit: Standard

တပွဲလုံးမှာ ဂိုးကန်သွင်းခွင့် ၂ကြိမ်သာ ရခဲ့တာကြောင့် ဗီလာ ၁-၀ မန်ချက်စတာ စီးတီး ပွဲစဉ်ဟာ ဂွာဒီယိုလာရဲ့ စီးတီးနည်းပြဘဝ ခြေစွမ်းအဆိုးဝါးဆုံးပွဲလို့တောင် ပြောလို့ရပြီး ဂွာဒီယိုလာကလည်း ဒီနေ့ပွဲမှာ ဗီလာက သူတို့အသင်းထက် ခြေစွမ်းပိုင်း ပိုသာခဲ့ကြောင်း ပွဲပြီးအင်တာဗျူးမှာ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။

ဂွာဒီယိုလာက – “ဗီလာက ဒီနေ့ညမှာ အကောင်းဆုံးအသင်း ဖြစ်ခဲ့ပါတယ်။ သူတို့က ကစားပုံကောင်းကောင်းနဲ့ ကစားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ကတော့ ကိုယ့်ရဲ့ ကစားကွက်ကို ပုံဖော်နိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ တချို့အချိန်တွေမှာလည်း မာမာထန်ထန် ကစားနိုင်ခဲ့သင့်ပေမယ့် မျှော်လင့်ထားသလို မကစားနိုင်ခဲ့ပါဘူး။ ပိုကောင်းတဲ့အသင်းက နိုင်သွားခဲ့တာပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။