မန်ချက်စတာ စီးတီးနည်းပြ ပက်ပ် ဂွါဒီယိုလာက အသင်းကနေ ထွက်ခွာတော့မယ့် ကွင်းလယ်လူ ကီဗင် ဒီဘရိုင်းကို အသင်းမှာ အစားထိုးဖို့ဆိုတာ လုံးဝနီးပါး မဖြစ်နိုင်တဲ့ကိစ္စဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။ ဒါပေမယ့် ဒီဘရိုင်းရဲ့ ထွက်ခွာမယ့် ဆုံးဖြတ်ချက်ကို ပြန်ပြင်ဆင်ဖို့ တောင်းဆိုတာမျိုးတော့ မလုပ်ခဲ့ဘူးလို့လည်း ဆိုပါတယ်။
ဘယ်လ်ဂျီယံ လက်ရွေးစင် ကွင်းလယ်လူ ဒီဘရိုင်းဟာ ဒီရာသီဟာ မန်စီးတီးနဲ့ သူ့အတွက် နောက်ဆုံးရာသီဖြစ်ကြောင်းနဲ့ ဒီနွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးချိန် အသင်းကနေ ထွက်ခွာတော့မှာဖြစ်ကြောင်း အစောပိုင်းက အတိအလင်း ထုတ်ပြန် ကြေညာထားခဲ့ပါတယ်။ ဒီအပေါ်မှာ ဒီဘရိုင်း ကိုယ်တိုင်လည်း စိတ်တိုင်းကျမှုတော့ အပြည့်အဝ မရှိခဲ့ပါဘူး။
Photo Credit : SuperSport
ပရိသတ်တချို့ကတော့ မကြာသေးခင်က ဒီဘရိုင်းရဲ့ ခြေစွမ်းပြမှုတွေ ဥပမာ – ပဲလေ့စ်နဲ့ ပွဲမှာ အသင်း ၂-၀ နဲ့ ရှုံးနိမ့်နေရာကနေ ပြန်လာနိုင်အောင် စွမ်းဆောင်ပေးခဲ့မှုနဲ့ ဂိုးတွေသွင်းယူမှုကြောင့် ကလပ်အသင်းက သူ့ကို ဆက်ထိန်းထားဖို့ စိတ်ပြောင်းသွားမလားလို့ မျှော်လင့်နေကြပါတယ်။ နည်းပြ ဂွါဒီယိုလာက အသက်(၃၃)နှစ်အရွယ် ကစားသမားကို ချီးကျူးပြောဆိုခဲ့ပေမယ့် စာချုပ်သစ်ကတော့ ဖြစ်လာဖွယ်မရှိဘူးလို့ ဆိုလိုက်ပါတယ်။
ဂွါဒီယိုလာက ဒီဘရိုင်းနားနဲ့ ပတ်သက်ပြီး “သူ့ကို ကျေးဇူးတင်ကြောင်းပဲ ပြောချင်ပါတယ်။ ခရစ္စတယ် ပဲလေ့စ်နဲ့ပွဲမှာ ကျွန်တော်တို့ ၂-၀ နဲ့ ရှုံးနေချိန် သူက ကူညီကယ်တင်ပေးခဲ့တယ်။ ဒီနေ့ပွဲမှာလည်း ဂိုးသွင်းပြတယ်။ သူ ဒီလိုပုံစံကောင်းနဲ့ အဆုံးသတ်နိုင်ခဲ့တဲ့အတွက် ကျွန်တော် ဝမ်းသာပါတယ်။ အီတီဟတ်မှာ ကစားရမယ့် တစ်ပွဲလည်း ကျန်ပါသေးတယ်။” လို့ Sky Sports ရုပ်သံမှာ ပြောဆိုသွားခဲ့ပါတယ်။ ဒီဘရိုင်းကို အသင်းမှာ ဆက်ထိန်းထားနိုင်ခြေ ရှိ မရှိ မေးမြန်းရာမှာတော့ ဂွါဒီယိုလာက “ကျွန်တော်က ကီဗင်အတွက် အကောင်းဆုံးကိုပဲ လိုလားပါတယ်။ သူသာ မရှိခဲ့ရင် ဒီနှစ်တွေအတွင်း ကျွန်တော်တို့ ဒီလောက် အောင်မြင်မှုတွေ ရခဲ့မှာ မဟုတ်ပါဘူး။ သူဟာ မယုံနိုင်လောက်အောင် ကောင်းတဲ့ ကစားသမားပါ။ ဒါပေမယ့် အခြေအနေကတော့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အတိုင်းပါပဲ။”
Photo Credit : Premier Leauge
“ဒီလို ကစားသမားမျိုးကို အစားထိုးဖို့ဆိုတာ လုံးဝနီးပါး မဖြစ်နိုင်ပါဘူး။ ဒါဟာ သူ့ရဲ့ ကစားပုံ ခြေစွမ်းသက်သက်ကြောင့် မဟုတ်ပါဘူး။ နှစ်ပေါင်းများစွာ ကျွန်တော်တို့ ပရိသတ်တွေရဲ့ နှလုံးသားထဲမှာ သူ ဘယ်လောက် အဓိပ္ပာယ်ရှိသလဲ ဆိုတာလည်း ပါပါတယ်။ ကျွန်တော်တို့ ရခဲ့တဲ့ အောင်မြင်မှုတွေအားလုံးဟာ ကစားသမားတွေကြောင့်ပါပဲ။” လို့ ရှင်းလင်း ပြောကြားသွားခဲ့ပါတယ်။
ဒီဘရိုင်းနားဟာ မန်စီးတီးရဲ့ သမိုင်းတစ်လျှောက် အခမ်းနားဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်မှာ သေချာသလို ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမား (၁၁)ယောက် စာရင်းတွေထဲမှာလည်း သူ့ရဲ့ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း စီးတီးအတွက် စွမ်းဆောင်ပေးခဲ့မှုတွေကြောင့် ရွေးချယ်ခံရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ချယ်လ်ဆီး ကစားသမားဟောင်း ဒီဘရိုင်းနားဟာ ဒဏ်ရာပြဿနာတွေနဲ့ ပိုမို ရုန်းကန်လာရပြီး သူ့ရဲ့ ပုံမှန်ခြေစွမ်းကလည်း အရင်လို မဟုတ်တော့ဘူးလို့ ဆိုနိုင်ပါတယ်။ လစာငွေ အမြောက်အမြား ရရှိနေတာကြောင့်လည်း အဆုံးသတ်မှာတော့ နှစ်ဦးနှစ်ဖက် လမ်းခွဲဖို့ ဖြစ်လာခဲ့တာပါ။ ဒါပေမယ့် ဒီရာသီမှာ FA ဖလား အောင်မြင်မှုနဲ့ နောက်ဆုံးအနေနဲ့ အောင်ပွဲခံသွားနိုင်မယ့် အခွင့်အရေးတော့ ရှိနေပါသေးတယ်။