ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးရဲ့ နည်းပြချုပ် ဖြစ်သူ ပပ် ဂွာဒီယိုလာက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆သင်းအဆင့် ပထမအကျော့ ပွဲစဉ်မှာ လိုက်ပ်ဇစ်နဲ့ သရေကျခဲ့ပြီးနောက် သူတို့အသင်းဟာ လိုက်ပ်ဇစ်ကို နိုင်ဖို့ ခက်မယ် ဆိုတာ ပွဲမစခင်ထဲက ကြိုသိနေခဲ့ကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

ဂွာဒီယိုလာရဲ့ မန်ချက်စတာ စီးတီးက ချန်ပီယံလိဂ် ၁၆သင်းအဆင့် ပထမအကျော့ပွဲ အဖြစ် ဂျာမန်မြေမှာ လိုက်ပ်ဇစ်ကို သွားရောက် ရင်ဆိုင် ကစားခဲ့ရတာ ဖြစ်ပြီး အဆိုပါပွဲမှာ မန်ချက်စတာ စီးတီးက အဓိက ကစားသမားတွေ ဖြစ်တဲ့ ဒီဘရိုင်း ၊ ဂျွန်စတုန်းနဲ့ လာပေါ့တ်တို့ကို မထည့်သွင်းနိုင်ခဲ့ပေမယ့် မာရက်ဇ်ရဲ့ သွင်းဂိုးနဲ့ ပွဲကို ဦးဆောင်ခွင့် ရခဲ့ပါတယ်။

Photo Credit: Goal

ဒါပေမယ့် မန်ချက်စတာ စီးတီးက တောက်လျှောက် အဝေးကွင်းပွဲတွေ ကစားခဲ့ရတာကြောင့် ပွဲပန်းမှုတွေ ရှိနေခဲ့ပြီး ပွဲပန်းမှုတွေကြောင့်ပဲ ဒုတိယပိုင်းမှာ မန်ချက်စတာ စီးတီးရဲ့ ကစားအားဟာ အနည်းငယ် ကျဆင်းသွားခဲ့ကာ အိမ်ရှင် လိုက်ပ်ဇစ်ကတော့ မန်ချက်စတာ စီးတီးရဲ့ ပွဲပန်းနေမှုကို အခွင့်ကောင်း ယူပြီး ဒုတိယပိုင်းမှာ ချေပဂိုး တဂိုး ပြန်လည် ရှာဖွေနိုင်ခဲ့ကာ လိုက်ပ်ဇစ်အတွက် အဖိုးတန် ချေပဂိုးကိုတော့ အသင်းကြီးတွေရဲ့ ပစ်မှတ် ဗဟိုနောက်ခံလူ ယာဗီဒိုက သွင်းယူပေးခဲ့တာပါ။

လိုက်ပ်ဇစ် ၁-၁ မန်ချက်စတာ စီးတီး ပွဲအပြီးမှာတော့ မန်ချက်စတာ စီးတီးရဲ့ နည်းပြချုပ် ဖြစ်သူ ဂွာဒီယိုလာက လူတွေဟာ သူတို့အသင်းက လိုက်ပ်ဇစ်ကို ၄-၀ ၊ ၅-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရဖို့ မျှော်လင့်ထားကြပေမယ့် တကယ်တမ်းမှာ သူတို့အသင်းက လိုက်ပ်ဇစ်ကို အဝေးကွင်းမှာ အနိုင်ရဖို့ မလွယ်ကူကြောင်း ဆိုလာပါတယ်။

Photo Credit: Goal

ဂွာဒီယိုလာက – “လူတွေက ကျွန်တော်တို့ကို ၅-၀ ဆိုတဲ့ ရလဒ်မျိုးလောက်နဲ့ နိုင်ဖို့ မျှော်လင့်ထားကြတာပါ။ ဒါပေမယ့် အဲ့ဒါက တကယ့် အရှိတရား မဟုတ်ပါဘူး။ ဒီပွဲက ကျွန်တော်တို့ အတွက် ခက်ခဲခဲ့ပါတယ်။ ကျွန်တော်တို့ကလည်း ဒါကို ကြိုသိနေပြီးသားပါ။ ဒီပွဲက ကျွန်တော်တို့တွေ ၁၀ရက် အတွင်း ကစားခဲ့ရတဲ့ စတုတ္ထမြောက်ပွဲ ဖြစ်သလို ကျွန်တော်တို့က တောက်လျှောက် အဝေးကွင်းပွဲတွေပဲ ကစားခဲ့ရပါတယ်။ ဒါကြောင့် ကျွန်တော်တို့က တောက်လျှောက် ခရီးတွေ ထွက်ခဲ့ရပြီး ဒီလိုအချိန်မှာ လူတွေက ကျွန်တော်တို့တွေ အနိုင်ရဖို့ မျှော်လင့်နေကြတာဟာ ယုတ္ထိရှိတာမျိုး မဟုတ်ပါဘူး။ ကျွန်တော်တို့က အသင်းကောင်း တသင်း ဆိုတာ သိပါတယ်။ ပြီးတော့ ကျွန်တော်တို့က ရလဒ်ကောင်းတွေ ဆက်တိုက် ရယူဦးမှာပါ။ ဒါပေမယ့် လူတွေက ကျွန်တော်တို့တွေ ဂျာမန်မြေမှာ ၄-၀ ၊ ၅-၀ ဆိုတဲ့ ရလဒ်တွေနဲ့ အနိုင်ရဖို့ကို မျှော်လင့်ခဲ့ကြပါတယ်။ ကျွန်တော်တို့က အဲ့ဒီလောက်ကြီး မစွမ်းဆောင်နိုင်ပါဘူး” လို့ ဖွင့်ဟ ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။