စပိန်လာလီဂါ ထိပ်သီးကလပ် အက်သလက်တီကို မက်ဒရစ်ရဲ့ အဓိက တိုက်စစ်မှူး အန်တိုနီ ဂရစ်ဇ်မန်းက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အက်သလက်တီကို မက်ဒရစ် ၃-၃ ဂီတာဖေး ပွဲစဉ်မှာ သွင်းဂိုး ၂ဂိုး သွင်းယူပြီးနောက် အက်သလက်တီကို မက်ဒရစ်ရဲ့ သမိုင်းတလျှောက် ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရှိရပါတယ်။

ဂရစ်ဇ်မန်းရဲ့ အက်သလက်တီကို မက်ဒရစ်က လာလီဂါ ပွဲစဉ်(၁၇) အဖြစ် ဂီတာဖေးကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရာ အန်တိုနီ ဂရစ်ဇ်မန်းက ဒီပိုင်းနဲ့ တွဲဖက်ကာ အက်သလက်တီကို မက်ဒရစ်ရဲ့ တိုက်စစ်ကို ဦးဆောင် ကစားခွင့် ရခဲ့သလို ခြေစွမ်းကောင်းတွေလည်း ပြသနိုင်ခဲ့ပါတယ်။

Photo Credit: Standard

ဂရစ်ဇ်မန်းက ပွဲချိန် ၄၄မိနစ်နဲ့ ၆၉မိနစ်တို့မှာ အက်သလက်တီကို မက်ဒရစ် အတွက် ဦးဆောင်ဂိုးတွေ သွင်းပေးခဲ့ပေမယ့် သူ့ရဲ့ အက်သလက်တီကို မက်ဒရစ်ဟာ ဂီတာဖေးကို နောက်ကျ ချေပဂိုး ၂ဂိုး ပြန်ပေးခဲ့ရတာကြောင့် အိမ်ကွင်းမှာ သရေတမှတ်သာ ရရှိခဲ့ပါတယ်။

အက်သလက်တီကို မက်ဒရစ်က နိုင်သင့်တဲ့ပွဲကို မနိုင်ခဲ့ပေမယ့် ဂရစ်ဇ်မန်းကတော့ အက်သလက်တီကို မက်ဒရစ် အတွက် ပြိုင်ပွဲစုံမှာ သွင်းဂိုး ၁၇၃ဂိုး သွင်းယူပေးထားတာကြောင့် အသင်းရဲ့ ဂန္တဝင် တိုက်စစ်မှူး အာရာဂိုနက်စ်နဲ့အတူ အက်သလက်တီကို မက်ဒရစ်ရဲ့ သမိုင်းတလျှောက် ဂိုးသွင်းအများဆုံး ကစားသမား ဆိုတဲ့ ဂုဏ်ပုဒ်ကို ပူးတွဲ ရယူနိုင်ခဲ့ပါတယ်။

Photo Credit: Times Sports

ဂရစ်ဇ်မန်းက အက်သလက်တီကို မက်ဒရစ် အတွက် ပြိုင်ပွဲစုံမှာ ၃၆၄ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၇၃ဂိုး အထိ သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၈၆ကြိမ် ရရှိထားပြီး သူဟာ အက်သလက်တီကို မက်ဒရစ်နဲ့အတူ ယူရိုပါလိဂ် ၁ကြိမ် ၊ ဥရောပ စူပါဖလား ၁ကြိမ်နဲ့ စပိန်စူပါဖလား ၁ကြိမ်တို့ကို ရရှိထားပါတယ်။

ဂရစ်ဇ်မန်းက အက်သလက်တီကို မက်ဒရစ်နဲ့ ၂၀၂၆ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသလို သူကိုယ်တိုင်ကလည်း အက်သလက်တီကို မက်ဒရစ်မှာသာ ဆက်ကစားဖို့ ဆုံးဖြတ်ထားတာကြောင့် ဂရစ်ဇ်မန်းရဲ့ သွင်းဂိုးတွေကို ဆက်လက် မြင်တွေ့ရဦးမှာ ဖြစ်ပြီး ဂရစ်ဇ်မန်းဟာ အာရာဂိုနက်စ်ကို ကျော်ဖြတ်ကာ အက်သလက်တီကို မက်ဒရစ်ရဲ့ သမိုင်းတလျှောက် ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် လွတ်လွတ်ကျွတ်ကျွတ် ရပ်တည်နိုင်ဖို့ အချိန်အနည်းငယ်သာ လိုအပ်ပါတော့တယ်။