အသက်လက်တီကို မက်ဒရစ်အသင်းရဲ့ ပြင်သစ် ဝါရင့် တိုက်စစ်ကစားသမားကြီး အန်ထရန် ဂရီးဇ်မန်းဟာ မနေ့က စပိန်စူပါဖလား ဆီမီးဖိုင်နယ် မက်ဒရစ်ဒါဘီပွဲစဉ်မှာ သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် အသက်လက်တီကို အသင်းသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမားပါ ဖြစ်လာခဲ့ရပါတယ်။

အသက် (၃၂)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ပြင်သစ် လက်ရွေးစင် တိုက်စစ်ကစားသမား ဂရီးဇ်မန်းဟာ သူရဲ့ စီနီယာ ကစားသမားဘဝကို စပိန် လာလီဂါပြိုင်ပွဲမှာပဲ စတင်ခဲ့ပြီး အခုအချိန်ထိလည်း လာလီဂါ ကလပ်အသင်းတွေမှာသာ ဆက်တိုက် ပါဝင်ကစားဖြစ်နေပါတယ်။

 

Photo Credit : Sky Sports

ဆိုစီဒက်အသင်းနဲ့ စတင် ပွဲထွက်ခဲ့တဲ့ ဂရီးဇ်မန်းဟာ ၂၀၁၄မှာတော့ အသက်လက်တီကိုအသင်းဆီ ပြောင်းရွှေ့ ရောက်ရှိလာခဲ့ပြီး အဲ့ဒီအချိန်ကနေ စတင်ပြီး ဂရီးဇ်မန်းက အသက်လက်တီကိုရဲ့ အဓိက ကစားသမား ဖြစ်လာခဲ့သလို ၂၀၁၉အထိ ပွဲပေါင်း (၂၅၇)ပွဲ ကစား (၁၃၃)ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။

၂၀၁၉မှာ အသက်လက်တီကိုကနေ ဘာစီလိုနာဆီ ပြောင်းရွှေ့ခဲ့တဲ့ ဂရီးဇ်မန်းက ဘာစီလိုနာမှာတော့ (၂)ရာသီသာ ကစားခဲ့ရပြီး အသင်းဟောင်း အသက်လက်တီကိုဆီ အငှားနဲ့ ပြန်ပြောင်းခဲ့ရသလို နောက်ပြီး အပြီးသတ်ပါ ပြန်လည် ပြောင်းရွှေ့ခဲ့ရပါတယ်။

Photo Credit : Bleacher Report

ပြင်သစ်နဲ့ ၂၀၁၈ခုနှစ်တုန်းက ကမ္ဘာ့ချန်ပီယံ ဖြစ်ခဲ့ရတဲ့ ဂရီးဇ်မန်းဟာ အသက်လက်တီကိုနဲ့လည်း ယူရိုပါလိဂ်ဖလား ဥရောပစူပါဖလားတို့အပြင် စပိန်စူပါဖလားကိုပါ ဆွတ်ခူးနိုင်ခဲ့ပါသေးတယ်။ တစ်ဦးချင်း အောင်မြင်မှုတွေအဖြစ် ၂၀၁၅-၁၆ ရာသီ လာလီဂါပြိုင်ပွဲရဲ့ အကောင်းဆုံးဆုနဲ့ ဘာလွန်းဒေါမှာလည်း တတိယကို (၂)ကြိမ်တိုင်တိုင် ရရှိခဲ့ပါသေးတယ်။

ဒီလို စွမ်းဆောင်ထားနိုင်တဲ့ ဂရီးဇ်မန်းက ဂီတာဖေးနဲ့ လာလီဂါပွဲစဉ်အတွင်း (၂)ဂိုး သွင်းယူပြီးနောက် အသက်လက်တီကိုအသင်းရဲ့ ပူးတွဲ ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်လာခဲ့ပြီး အခု မက်ဒရစ်ဒါဘီမှာပါ သွင်းဂိုးတစ်ဂိုး ထပ်မံ သွင်းယူနိုင်ခဲ့တာကြောင့် (၁၇၄)ဂိုးနဲ့ အသက်လက်တီကိုရဲ့ ဂိုးသွင်းအများဆုံးသော ကစားသမားနေရာကို လွတ်လွတ်ကျွတ်ကျွတ် ရပ်တည်သွားနိုင်ခဲ့ပါတယ်။