မာဆေးလ်အသင်းရဲ့ တိုက်စစ်ကစားသမား မေဆင် ဂရင်းဝုဒ်ဟာ ပြင်သစ်မှာ သူ့ရဲ့ အထင်ကြီးစရာ ပွဲဦးထွက်ရာသီ ရှိခဲ့ပေမယ့်လည်း ရာသီအကုန်မှာတော့ မာဆေးလ်အသင်းကနေ ထွက်ခွာသွားရနိုင်တယ်လို့ သတင်းတစ်ရပ်က ဖော်ပြပါတယ်။

အသက်(၂၃)နှစ်အရွယ် တိုက်စစ်မှူးဟာ ပြင်သစ်ထိပ်တန်းအသင်းအတွက် လီဂူး (၂၆)ပွဲမှာ (၁၅)ဂိုး သွင်းယူပြီးနောက် လီဂူးဝမ်း ရွှေဖိနပ်ဆုအတွက် ယှဉ်ပြိုင်နေဆဲဖြစ်ပေမယ့် သူ့ရဲ့ မန်နေဂျာ ရောဘတ်တို ဒီ ဇာဘီရဲ့ မကြာသေးမီက ဝေဖန်မှုတွေက သူ့ရဲ့ အနာဂတ်ကို သံသယဖြစ်စေခဲ့ပါတယ်။ ဒီရာသီထဲ ပွဲအများစုမှာ ပွဲထွက်ခွင့်ရတဲ့ ကစားသမားတစ်ဦးဖြစ်ခဲ့ပြီးနောက် ဂရင်းဝုဒ်ဟာ လန်းစ်နဲ့ ပီအက်စ်ဂျီတို့ ပွဲစဉ်တွေမှာ လူစားဝင်ကစားသမားအဖြစ်သာ ပါဝင်ခဲ့ရပါတယ်။

Photo Credit : Football365

မကြာသေးမီက ချန်လှပ်ခံရတဲ့ အကြောင်းရင်းကို ဒီ ဇာဘီက ဒီလအစောပိုင်းမှာ ဖွင့်ဟခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် လူငယ်ကစားသမားဟောင်းဟာ သူ့ရဲ့ ကြိုးစားအားထုတ်မှု မျှော်လင့်ချက်တွေနဲ့ မကိုက်ညီကြောင်း အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။ “ကျွန်တော်ထက် သူ့ကို (ဂရင်းဝုဒ်) လေးစားတဲ့သူ ဘယ်သူမှ ရှိနိုင်မှာ မဟုတ်ပါဘူး’ လို့ ဒီ ဇာဘီက ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ဘာကိုမှ ပြောင်းလဲမသွားပါဘူး။ သူ့ဆီကနေ ပိုပြီးမျှော်လင့်ပါတယ်။”

“သူက ပိုလုပ်ရပါမယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိပြသနေတာက မလုံလောက်လို့ပါ။ သူက ချန်ပီယံတစ်ယောက် ဖြစ်လာဖို့ သူ့ရဲ့ ရည်မှန်းချက်ကို အောင်မြင်ချင်ရင် ပိုပြီး တည်ငြိမ်ရမယ်။ ပိုပြီး စွန့်လွှတ်ရမယ်။ ပိုပြီး ဆုံးဖြတ်ချက်ခိုင်မာရပါမယ်။ မဟုတ်ရင် ကျွန်တော်တို့အသင်းက အမြဲတမ်း ပုံစံတူထဲကို ပြန်ကျသွားလိမ့်မယ်။ အရမ်းကောင်းတဲ့ပွဲတစ်ပွဲ၊ ပြီးရင် အော်ဇေးကို ရှုံးနိမ့်မှု ပြီးရင် နန့်စ်ကို အနိုင်ရရှိမှု ဒါတွေက အရမ်းမမှန်ပါဘူး၊ လှိုင်းတွေလိုပါပဲ။ ဒါက ကျွန်တော် မကြိုက်တဲ့ အရာတစ်ခုပါ။” လို့ ပြောဆိုသွားပါတယ်။

Photo Credit : Caught Offside

RMC Sport သတင်းထောက် ဖလော်ရင့် ဂျာမိန်ရဲ့ အဆိုအရ ဂရင်းဝုဒ်ဟာ နည်းပြဖြစ်သူရဲ့ အကြံဉာဏ်ကို နားမထောင်ရင် မာဆေးလ်အသင်းကနေ ထွက်ခွာရမယ့်လမ်းကို ရောက်ရှိနိုင်ပါတယ်။ ဂရင်းဝုဒ်ကိုလည်း ပီအက်စ်ဂျီ အပါဝင် ဥရောပ ထိပ်တန်းကလပ်အသင်း တော်တော်များများကလည်း စိတ်ဝင်စားလျက် ရှိနေကြပါတယ်။

ယူနိုက်တက် အကယ်ဒမီထွက် ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့ ရာသီကမှ လာလီဂါကလပ် ဂီတာဖေးအသင်းဆီ တစ်ရာသီ အငှားစာချုပ်နဲ့ သွားရောက် ကစားခဲ့ရင်း ဂီတာဖေးရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရသလို ဒီရာသီမှာလည်း မာဆေးလ်အသင်းဆီ အပြီးသတ် ပြောင်းရွှေ့လာပြီး အတော်လေး ခြေစွမ်းပြသထားနိုင်ပါတယ်။