အင်္ဂလန် တိုက်စစ်ကစားသမားလေး မေဆန် ဂရင်းဝုဒ်ကတော့ သူ့ကို မန်ချက်စတာ ယူနိုက်တက်အသင်းဘက်ကနေ နောက်ထပ် အခွင့်အရေး ထပ်ပေးမယ်ဆိုရင် ယူနိုက်တက်အတွက် ပြန်လည် ကစားပေးသွားချင်နေတယ်လို့ သိရပါတယ်။

အသက် (၂၂)နှစ်အရွယ် ယူနိုက်တက် အကယ်ဒမီထွက် တိုက်စစ်မှူး ဂရင်းဝုဒ်ဟာ အတူနေ ချစ်သူအပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်မှုကြောင့် အမှုရင်ဆိုင်ရရင်း အမှုကနေ လွတ်မြောက်ချိန် ပရိသတ်တချို့ရဲ့ ကန့်ကွက်မှုတွေ ယူနိုက်တက်အတွက် ပြန်ကစားပေးဖို့ မလွယ်ကူတော့ပဲ ဂီတာဖေးအသင်းဆီသာ အငှားထွက်ကစားခဲ့ရပါတယ်။

Photo Credit : mufcMPB

ဂီတာဖေးအသင်းမှာ မထင်ထားလောက်အောင် ခြေစွမ်းကောင်းတွေ ပြသနေတဲ့ ဂရင်းဝုဒ် ဘာစီလိုနာ အသက်လက်တီကိုတို့လို လာလီဂါ ထိပ်သီးကလပ်အသင်းတွေက စိတ်ဝင်စားလာခဲ့ပြီး ယူနိုက်တက်နဲ့ ဂရင်းဝုဒ်တို့ရဲ့ အခြေအနေကိုပါ စောင့်ကြည့်လာကြပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကတော့ ယူနိုက်တက်ဟာ ဂရင်းဝုဒ်အတွက် ယူရို သန်း(၄၀)လောက် ရရှိမယ်ဆိုရင် အပြီးသတ် ရောင်းချသွားမယ်ဆိုတဲ့ ကောလဟာလတွေ ထွက်ပေါ်ခဲ့ပေမယ့် ယူနိုက်တက် ပူးတွဲပိုင်ရှင်သစ် ဆာဂျင်ရက်ကလစ်ဖ်က ဂရင်းဝုဒ်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်အသစ် ချမှတ်သွားမယ်လို့ ပြောဆိုလာပါတယ်။

Photo Credit : Utd_Forever7

ဒါ့အပြင် ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ်ကပါ ဂရင်းဝုဒ်ကို ယူနိုက်တက်အသင်းရဲ့ ကစားသမားစာရင်းထဲ ပြန်လည် ထည့်သွင်းသွားဖို့အတွက် အသင်းပိုင်ရှင်တွေနဲ့ ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်ဆောင်သွားဖို့လည်း ရှိနေပြန်ပါတယ်။

ဒီလို အခြေအနေမှာ ယူနိုက်တက်နဲ့ တန်ဟက်ဂ်တို့ဘက်ကသာ ဂရင်းဝုဒ်အတွက် အသင်းမှာ ပြန်လည် ကစားဖို့ အခွင့်အရေး ပေးလာခဲ့မယ်ဆိုရင် ဂရင်းဝုဒ်ကလည်း ယူနိုက်တက်အတွက် သေချာပေါက် ပြန်ကစားပေးသွားဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။