ယမန်နှစ်မှာ အတူနေချစ်သူ ဟာရီ ရော့ဘ်ဆန်အပေါ် အိမ်တွင်း အကြမ်းဖက်မှု ၊ အဓမ္မကျင့်ရန် ကြံစည်မှုတို့နဲ့ ရဲတပ်ဖွဲ့ရဲ့ စွဲချက်တင်ခံခဲ့ရတဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ တိုက်စစ်မှူး မေဆန် ဂရင်းဝုဒ်က မန်ချက်စတာ ယူနိုက်တက်မှာ ပြန်လည် ပါဝင်ခွင့် ရဖို့ အတွက် သူ့ရဲ့ အသင်းဖော်တွေနဲ့ လျို့ဝှက် တွေ့ဆုံခဲ့ကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Sun သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ အင်္ဂလန် လူငယ်ကြယ်ပွင့် တိုက်စစ်မှူး ဂရင်းဝုဒ်က မန်ချက်စတာ ယူနိုက်တက်ရဲ့ အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကစားသမား တဦး ဖြစ်ပြီး ဘယ်ခြေ ၊ ညာခြေ နှစ်ဖက်စလုံးကို အသုံးပြုနိုင်သလို သူ့ရဲ့ တိကျတဲ့ အဆုံးသတ်စွမ်းရည်ကြောင့် ကမ္ဘာ့အဆင့် တိုက်စစ်မှူး တဦး ဖြစ်လာမယ်လို့ ထင်ကြေးပေးခံထားရသူပါ။

Photo Credit: Daily Star

ဂရင်းဝုဒ်က ခြေစွမ်းခြေစ ကောင်းသလို အလားအလာကောင်းတွေ ပိုင်ဆိုင်ထားပေမယ့် မထင်မှတ်ပဲ အိမ်တွင်း အကြမ်းဖက်မှုကို ကျူးလွန်မိခဲ့တာကြောင့် မန်ချက်စတာရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီး ထိန်းသိမ်းခြင်းကို ခံခဲ့ရသလို အိမ်တွင်း အကြမ်းဖက်မှု ၊ အဓမ္မကျင့်ရန် ကြံစည်မှု အပါအဝင် တခြား အမှုတချို့နဲ့အတူ ၁နှစ် ဝန်းကျင် ကြာအောင် စုံစမ်း စစ်ဆေးခံခဲ့ရပါတယ်။

ဒါပေမယ့် ဂရင်းဝုဒ်ရဲ့ ရည်းစားဟောင်း ဖြစ်သူ ဟာရီ ရော့ဘ်ဆန်က ယခုနှစ် အစပိုင်းမှာပဲ အမှုကို ပြန်လည် ပိတ်သိမ်းသွားခဲ့တာကြောင့် မန်ချက်စတာရဲတပ်ဖွဲ့ဟာ ဂရင်းဝုဒ်အပေါ် စုံစမ်း စစ်ဆေးမှုတွေကို ရပ်တန့်ခဲ့သလို ထိန်းသိမ်းထားမှု ကနေပါ လွှတ်ပေးခဲ့တာကြောင့် ဂရင်းဝုဒ်ဟာ လက်ရှိမှာ စွဲချက်တွေ အားလုံးကို ရှင်းထုတ်နိုင်ခဲ့ပြီလို့ ဆိုရပါမယ်။

Photo Credit: Daily Star

ဂရင်းဝုဒ်က စွဲချက်တွေ အားလုံးကို ဖြေရှင်းနိုင်ခဲ့တာကြောင့် မန်ချက်စတာ ယူနိုက်တက်က ဂရင်းဝုဒ်ကို အသင်းရဲ့ လူစာရင်းထဲမှာ ပြန်လည် ထည့်သွင်းဖို့ စတင် စဉ်းစားနေပေမယ့် မန်ချက်စတာ ယူနိုက်တက်ရဲ့ အမျိုးသမီးအသင်းမှာ ကစားနေတဲ့ အမျိုးသမား ဘောလုံးသမား တချို့ကတော့ ဂရင်းဝုဒ်လို အမျိုးသမီး တဦးအပေါ် အိမ်တွင်း အကြမ်းဖက်မှု ကျူးလွန်ခဲ့တဲ့ လူကို မန်ချက်စတာ ယူနိုက်တက်မှာ မမြင်ချင်ကြပါဘူး။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Sunရဲ့ ဖော်ပြချက်အရ ဂရင်းဝုဒ်က သူ့ရဲ့ အပြစ်တွေကို သိပေမယ့် မန်ချက်စတာ ယူနိုက်တက် အတွက် နောက်တကြိမ် ပြန်ကစားပေးဖို့ စိတ်အားထက်သန်နေပြီး ဂရင်းဝုဒ်ဟာ သူ့ရဲ့ အသင်းဖော် တချို့နဲ့ လျို့ဝှက် ချိန်းဆိုကာ သူ့ရဲ့ ဖြစ်ရပ်တွေကို ရှင်းပြခဲ့ကာ ပြန်ကစားခွင့်ရအောင် ကူညီပေးဖို့ ပြောကြားခဲ့ကာ ဂရင်းဝုဒ်နဲ့ တွေ့ဆုံခဲ့တဲ့ ကစားသမားတွေက မန်ချက်စတာ ယူနိုက်တက်ရဲ့ အကယ်ဒမီမှာ ရှိနေစဉ်ကတည်းက သူနဲ့ ရင်းနှီးခဲ့သူတွေ ဖြစ်ကြောင်း သိရပါတယ်။