လာမယ့် ဘောလုံးရာသီမှာ မာဆေးလ်အသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲထဲ ပါဝင်ဆင်နွဲခွင့်ရအောင် ကူညီပေးခဲ့တဲ့ တိုက်စစ်ကစားသမား မေဆင် ဂရင်းဝုဒ်က သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဘယ်လို မြင်တယ်ဆိုတာကို ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။

ဂရင်းဝုဒ်က အသင်းနဲ့အတူ ဥရောပပြိုင်ပွဲတွေမှာ ကစားချင်တယ်လို့ ပြောပြီး နည်းပြ ရောဘတ်တို ဒီဇာဘီရဲ့လက်အောက်မှာ ကစားရတာကို ပျော်ရွှင်ကြောင်း ပြောပါတယ်။ ဒီရာသီအတွင်း နည်းပြဆီက ဝေဖန်မှုတွေ ရခဲ့ပြီး တစ်ခါတလေ ပွဲထွက်စာရင်းကနေ ချန်လှပ်ခံခဲ့ရတာတွေ ရှိခဲ့ပေမဲ့လည်း သူက ကျေနပ်တယ်လို့လည်း ဆိုလိုက်ပါတယ်။

Photo Credit : French Football Weekly

ဂရင်းဝုဒ်က သတင်းထောက်တွေကို ပြောကြားရာမှာ “လာမယ့်နှစ် ချန်ပီယံလိဂ်မှာ ဒီအသင်းနဲ့ ကစားရဖို့ မျှော်လင့်ပါတယ်။ တချို့ ကစားသမားတွေက ဒီမှာ ချန်ပီယံလိဂ် ကစားရတာ ထူးခြားတဲ့ အရာတစ်ခုလို့ ပြောပါတယ်။ ဒါဟာ တကယ် ကောင်းတဲ့ ရာသီတစ်ခုပါပဲ။ ကျွန်တော်တို့ ပန်းတိုင်အားလုံးကို အောင်မြင်ခဲ့ကြတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့တယ်။” လို့ ပြောပါတယ်။

“ကျွန်တော် ညာတောင်ပံမှာ ကစားရတာ ပိုကောင်းကောင်း ခံစားရပါတယ်။ ဒါပေမဲ့ သူတို့ ကျွန်တော့်ကို ဘယ်နေရာမှာ ကစားခိုင်းခိုင်း ကျွန်တော် လုပ်ပါ့မယ်။ ခံစစ်မှာ ကစားရမယ်ဆိုရင်တောင် လုပ်ပါ့မယ်။ အရေးကြီးတာက နည်းပြ ဘာလိုချင်လဲဆိုတာပါပဲ။ ရာသီအလယ်ပိုင်းမှာတော့ ကျွန်တော် အကောင်းဆုံး ပုံစံ မဟုတ်ခဲ့ဘူး။”

Photo Credit : Goal

“ခံစစ်ပိုင်းမှာ အခက်အခဲတွေ ရှိခဲ့တာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ လူတိုင်းက ကျွန်တော့်ကို ပံ့ပိုးပေးခဲ့ကြပါတယ်။ နည်းပြနဲ့အတူ ဒီအခက်အခဲတွေကို ဖြေရှင်းဖို့ လေ့ကျင့်ရေးမှာ လုပ်ရမယ့် အရာတွေ ရှိတယ်ဆိုတာ ကျွန်တော်တို့ သိခဲ့ရပါတယ်။ ကျွန်တော်တို့ တကယ် စည်းလုံးညီညွတ်စွာ ရှိနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒါက ရာသီတစ်ရာသီပဲ ရှိပါသေးတယ်၊ အတွေ့အကြုံနဲ့အတူ ပိုကောင်းလာပါလိမ့်မယ်” လို့ ဂရင်းဝုဒ်က ဆက်ပြောခဲ့ပါတယ်။

ဒီရာသီမှာ (၃၃)ပွဲကစား (၁၉)ဂိုးသွင်းယူထားတဲ့ ဂရင်းဝုဒ်ဟာ ပရီးမီးယားလိဂ်ကို ပြန်လည်ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။ နွေရာသီ အပြောင်းအရွှေ့မှာ ဘာစီလိုနာအသင်းကလည်း စိတ်ဝင်စားမှု ရှိတယ်လို့ ဆိုပါတယ်။ ဂရင်းဝုဒ်ဟာ ဒီည ရန်းစ်နဲ့ ကစားမယ့် ရာသီပိတ်ပွဲစဉ်မှာ ပါဝင်ကစားဖို့ ရှိနေပြီး မာဆေးလ်က ဒီပွဲကို အနိုင်ရခဲ့မယ်ဆိုရင် ပြင်သစ်လီဂူးဝမ်းမှာ ဒုတိယနေရာကို ရရှိနိုင်မှာ ဖြစ်ပါတယ်။