ဂီတာဖေးအသင်းမှာ တစ်ရာသီ အငှားစာချုပ်နဲ့ ပါဝင် ကစားနေတဲ့ တိုက်စစ်ကစားသမား မေဆန် ဂရင်းဝုဒ်က စပိန် လာလီဂါမှာပဲ ကစားသမားဘဝကို ဆက်လက် ဖြတ်သန်းချင်နေပြီး လာလီဂါ ထိပ်သီး ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ကစားချင်နေတယ်လို့ ဖွင့်ဟသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့နွေတုန်းက မန်ချက်စတာ ယူနိုက်တက်အသင်းကနေ ဂီတာဖေးအသင်းဆီ အငှားနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဂရင်းဝုဒ်က လာလီဂါမှာ ခြေစွမ်းပြသနေတဲ့အတွက် သူ့ကို ဘာစီလိုနာ ရီးယဲလ် အသက်လက်တီကို ဆိုစီဒက် ဗလင်စီယာတို့လို လာလီဂါ ကလပ်အသင်းတွေကပါ စိတ်ဝင်စားလာခဲ့ပါတယ်။

Photo Credit : The Sun

မန်ယူနိုက်တက် အကယ်ဒမီထွက် ဗန်ပါစီလက်သစ် ကစားသမားလေးလို့ တင်စားခေါ်ဆိုခံထားရတဲ့ ဂရင်းဝုဒ်က အတူနေချစ်သူအပေါ် ပြုမှုခဲ့တဲ့ ကိစ္စတွေကြောင့် အမှုရင်ဆိုင်ပြီးနောက် အမှုကနေ ကွင်းလုံးကျွတ် လွတ်မြောက်ခဲ့ပေမယ့်လည်း ယူနိုက်တက်မှာ ကစားသမားဘဝကို ဆက်လက် ဖြတ်သန်းဖို့ မလွယ်တော့ရာကနေ အခုလို ဂီတာဖေးဆီ အငှားနဲ့ ပြောင်းလာခဲ့ရတာပဲ ဖြစ်ပါတယ်။

စပိန်မြေမှာ အကောင်းဆုံး တောက်ပလို့နေတဲ့ ဂရင်းဝုဒ်က အခုဆို ဂီတာဖေးရဲ့ အဓိက ကစားသမားတစ်ဦးပါ ဖြစ်လို့နေပြီး သူ့အနေနဲ့လည်း ယူနိုက်တက်ဆီ ပြန်သွားဖို့ထက် စပိန် လာလီဂါမှာသာ ဆက်လက် ဖြတ်သန်းသွားဖို့ ဆန္ဒရှိနေပါတယ်။

Photo Credit : beIN SPORT

ဒါပေမယ့်လည်း အသက် (၂၂)နှစ်အရွယ်သာ ရှိနေသေးတဲ့ ဂရင်းဝုဒ်က ဂီတာဖေးမှာ ပါဝင်ကစားနေရင်း အခွင့်အရေး ရခဲ့မယ်ဆိုရင်တော့ သူ့ကို စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေထဲကမှ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ချင်ကြောင်း အေးဂျင့်ဖြစ်သူထံ ဖွင့်ဟထားခဲ့တယ်လို့ သိရပါတယ်။

ဘာစီလိုနာအသင်းဟာ ဂရင်းဝုဒ်အတွက်တော့ စိတ်ကူးအိမ်မက်အသင်း ဖြစ်သလို ဘာစီလိုနာကလည်း ရာဖင်ဟာကို ရောင်းချပြီး သူ့နေရာမှာ ဂရင်းဝုဒ်နဲ့ အစားထိုးသွားဖို့ စီစဉ်နေပေမယ့် ဘာစီလိုနာ အသင်းပရိသတ်တွေကတော့ ဂရင်းဝုဒ်ကို ခေါ်ယူမယ့် ကိစ္စအပေါ် ကန့်ကွက်မှုတွေ ရှိနေကြပါတယ်။