မာဆေးလ်အသင်းရဲ့ တိုက်စစ်ကစားသမား မေဆင် ဂရင်းဝုဒ်ဟာ ဆော်ဒီ ပရိုလိဂ်ကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှုကို ရရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ဂရင်းဝုဒ်ကတော့ အရှေ့အလယ်ပိုင်းကို ပြောင်းရွှေ့ဖို့ အစီအစဉ် မရှိဘူးလို့ သိရပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ ကာရန် ဘန်ဇီမာတို့ အပါအဝင် နာမည်ကြီး ထိပ်တန်းကစားသမား အများအပြားဟာ သိပ်မကြာသေးမီက အပြောင်းအရွှေ့ကာလတွေမှာ ဆော်ဒီလိဂ်ဆီကို ပြောင်းရွှေ့ခဲ့ကြပါတယ်။ ဆော်ဒီလိဂ် ကလပ်အသင်းတွေကနေ ကမ်းလှမ်းတဲ့ မက်လောက်စရာ ငွေကြေးပမာဏတွေဟာ ဘယ်ကစားသမားအတွက်မဆို ငြင်းပယ်ဖို့ ခက်ခဲစေပါတယ်။

Photo Credit : Goal

အသက် (၂၃) နှစ်အရွယ် ဂရင်းဝုဒ်ဟာ ပြင်သစ်ထိပ်သီးကလပ် မာဆေးလ်အသင်းအတွက် ပထမဆုံးကစားတဲ့ ရာသီအတွင်းမှာပဲ လိဂ်ဂူးဝမ်းသွင်းဂိုး (၁၈) ဂိုးနဲ့ ဂိုးဖန်တီးမှု (၄) ကြိမ် ပြုလုပ်ပြထားနိုင်ခဲ့တာကြောင့် အခုအခါမှာ ကမ္ဘာအနှံ့က ကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှုကိုပါ ရရှိနေပါတယ်။

ဆော်ဒီကလပ်တွေက သူ့ကို ခေါ်ယူဖို့ အဆင်သင့် ရှိနေပေမယ့် TBR Football ရဲ့ ဖော်ပြချက်အရ ဂရင်းဝုဒ်ဟာ ရော်နယ်ဒိုတို့ရဲ့ လမ်းကြောင်းအတိုင်း လိုက်ဖို့ လုံးဝ စိတ်မဝင်စားဘူးလို့ ဆိုပါတယ်။ ဆော်ဒီကလပ်တွေဟာ မန်ချက်စတာ ယူနိုက်တက် တောင်ပံကစားသမားဟောင်းကို ခေါ်ယူနိုင်ဖို့ အရင်က (၂)ကြိမ်တိုင်တိုင် ကြိုးစားခဲ့ဖူးပါတယ်။

Photo Credit : Nogomina

ဒီတစ်ကြိမ်မှာလည်း ဂရင်းဝုဒ်ကို ခေါ်ယူနိုင်ဖွယ် မရှိနိုင်ပေမယ့် ဂရင်းဝုဒ်ကတော့ ဒီနွေရာသီမှာ အသင်းပြောင်းနိုင်သေးတဲ့ အခြေအနေမှာ ရှိနေပါတယ်။ သူ့ကို ဒီရာသီအတွင်းမှာ စောင့်ကြည့် ကင်းထောက်ခဲ့တဲ့ ဥရောပ ထိပ်တန်းကလပ်တွေထဲမှာ ဘာစီလိုနာ အက်သလက်တီကို အင်တာမီလန် အေစီမီလန် ဂျူဗင်တပ်စ်နဲ့ နာပိုလီတို့ ပါဝင်နေပါတယ်။

ဂရင်းဝုဒ်ရဲ့ အသင်းဟောင်း ယူနိုက်တက်ကတော့ ဂရင်းဝုဒ် အပြောင်းအရွှေ့ ဖြစ်နိုင်ခြေ အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေမှာ ဖြစ်ပါတယ်။ အကြောင်းကတော့ ဂရင်းဝုဒ်ကို မာဆေးလ်ဆီ ပေါင်(၂၇)သန်းနဲ့ ရောင်းချခဲ့တဲ့ သဘောတူညီချက်ထဲမှာ “Sell-on Clause” တစ်ခု ထည့်သွင်းခဲ့တာကြောင့် ဖြစ်ပါတယ်။ ဒီအချက်အရ အနာဂတ်မှာ မာဆေးလ်က သူ့ကို ပြန်လည်ရောင်းချလို့ ရရှိလာမယ့် ပြောင်းရွှေ့ကြေး စုစုပေါင်းရဲ့ ၅၀ ရာခိုင်နှုန်းကို ယူနိုက်တက်ဘက်က ခံစားခွင့် ရှိနေမှာ ဖြစ်ပါတယ်။ ဒါကြောင့် မာဆေးလ်ရဲ့ အစီအစဉ်တွေနဲ့ ဂရင်းဝုဒ်ရဲ့ အနာဂတ်ဟာ ယူနိုက်တက်အတွက်လည်း ဘဏ္ဍာရေးအရ အရေးပါနေပါတယ်။