ဂီတာဖေးအသင်းရဲ့ အင်္ဂလန် တိုက်စစ်ကစားသမားလေး မေဆန် ဂရင်းဝုဒ်ကို စပိန် လာလီဂါ ထိပ်တန်း ကလပ်အသင်းကြီးတွေဖြစ်တဲ့ ရီးယဲလ် မက်ဒရစ် နဲ့ ဘာစီလိုနာတို့က ကမ်းလှမ်းမှုတွေ ပြုလုပ်ထားတယ်လို့ စပိန် အထင်ကရ သတင်းဌာန Marca ကနေ ဖော်ပြထားပါတယ်။

အသက် (၂၂)နှစ်အရွယ် တိုက်စစ်မှူး ဂရင်းဝုဒ်ဟာ ဒီနွေမှ မန်ချက်စတာ ယူနိုက်တက်ကနေ ဂီတာဖေးအသင်းဆီ တစ်ရာသီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိမှာ ဂီတာဖေးအသင်းအတွက် အတော်လေးကို ခြေစွမ်းပြသလို့နေပါတယ်။

Photo Credit : Football365

ဂရင်းဝုဒ်က ဒီရာသီမှာ ဂီတာဖေးအသင်းအတွက် ပြိုင်ပွဲစုံ (၁၅)ပွဲ ပါဝင်ထားပြီး (၅)ဂိုးသွင်း (၄)ဂိုးအထိ ဂိုးဖန်တီးထားနိုင်ခဲ့သလို ဂီတာဖေးရဲ့ အဓိက ကစားသမားအဖြစ်နဲ့ ပွဲတိုင်းနီးပါးမှာပါ ပါဝင်ကစားနေရပါတယ်။ ဒါကြောင့်လည်း သူ့ကို ရီးယဲလ် ဘာစီလိုနာတို့က မျက်စိကျလာခဲ့တာ ဖြစ်ပါတယ်။

Marca ရဲ့ ဖော်ပြချက်မှာတော့ ဂရင်းဝုဒ်ရဲ့ မိခင်ကလပ် ယူနိုက်တက်အသင်း သူတို့ကစားသမားအတွက် ရီးယဲလ် နဲ့ ဘာစီလိုနာအသင်းတို့ရဲ့ ကမ်းလှမ်းမှုတွေကို လက်ခံရရှိထားတယ်လို့ အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။ ဒါ့အပြင် ဂရင်းဝုဒ်ကို ချယ်လ်ဆီး နဲ့ ပီအက်စ်ဂျီတို့ကလည်း စိတ်ဝင်စားနေပါတယ်။

Photo Credit : Goal

ဒီလို ဥရောပ ထိပ်သီးကလပ်တွေရဲ့ စောင့်ကြည့်ခြင်း ခံလာရတဲ့ ဂရင်းဝုဒ်ဟာ ယူနိုက်တက် စီနီယာအတွက် ပွဲဦးထွက်ချိန်ကနေ စတင်ပြီး သူရဲ့ စွမ်းဆောင်ရည်ကောင်းတွေကြောင့် ဗန်ပါစီလက်သစ် ကစားသမားလေးလို့ တင်စား ခေါ်ဆိုခံခဲ့ရသူ ဖြစ်ပါတယ်။

အခုလို ကလပ်အသင်းကြီးတွေရဲ့ အာရုံစိုက်မှု ရရှိနေတဲ့ ဂရင်းဝုဒ်ကို ကလပ်အသင်းဆီ ပြန်လည် ခေါ်ဆောင်ပေးဖို့ ယူနိုက်တက် ပရိသတ်တွေက တောင်းဆိုနေကြပေမယ့်လည်း အကြမ်းဖက်မှုနဲ့ တရားရင်ဆိုင်ထားတဲ့ ဂရင်းဝုဒ်ကို ယူနိုက်တက် အမျိုးသမီးထုက ကန့်ကွက်လျက် ရှိနေတာကြောင့် ဂရင်းဝုဒ်အနေနဲ့ မန်ချက်စတာကို ပြန်သွားဖို့က ခက်ခဲနိုင်ပါတယ်။