ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးရဲ့ အဓိက တောင်ပံတိုက်စစ် ကစားသမား ဖြစ်သူ ဂရီးလစ်က သူတို့အသင်းဟာ စပိန်မြေမှာ ရီးရဲလ်မက်ဒရစ်ကို အနိုင်မရခဲ့ပေမယ့် အိမ်ကွင်းမှာ ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူပြမယ်လို့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ် ၁-၁ မန်ချက်စတာ စီးတီး ပွဲအပြီးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ မန်ချက်စတာ စီးတီးတို့က ယနေ့မနက် အစောပိုင်းမှာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ အဖြစ် ရီးရဲလ်မက်ဒရစ်ရဲ့ အိမ်ကွင်း ဖြစ်တဲ့ ဘာနေဗျူးမှာ ယှဉ်ပြိုင် ကစားခဲ့ကြရာ အကြိတ်အနယ် ယှဉ်ပြိုင် ကစားရင်း တဖက် တဂိုးစီနဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။

Photo Credit: 90 Min

ရီးရဲလ်မက်ဒရစ် ၁-၁ မန်ချက်စတာ စီးတီး ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ် အတွက် သွင်းဂိုးကို ပွဲချိန် ၃၆မိနစ်မှာ အဓိက တောင်ပံကစားသမား ဗင်နီးစီးယပ်စ်က သွင်းယူပေးခဲ့တာ ဖြစ်ပြီး မန်ချက်စတာ စီးတီး အတွက် သွင်းဂိုးကိုတော့ ပွဲချိန် ၆၇မိနစ်မှာ ကွင်းလယ်ဗိုလ်ချုပ် ဒီဘရိုင်းက သွင်းယူပေးခဲ့ကာ ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုလည်း ဒီဘရိုင်းကပဲ သိမ်းပိုက် ရရှိခဲ့ပါတယ်။

ပထမအကျော့မှာ တဖက် တဂိုးစီနဲ့ သရေကျခဲ့တာကြောင့် မန်ချက်စတာ စီးတီးရဲ့ အိမ်ကွင်း အီတီဟတ်မှာ ကစားရမယ့် ပွဲစဉ်ဟာ ရီးရဲလ်မက်ဒရစ်နဲ့ မန်ချက်စတာ စီးတီးတို့ထဲက ဘယ်အသင်းဟာ ဗိုလ်လုပွဲနဲ့ ထိုက်တန်သလဲ ဆိုတာကို အဆုံးအဖြတ် ပေးမယ့် ပွဲစဉ် ဖြစ်ပြီး စီးတီးရဲ့ အဓိက တောင်ပံတိုက်စစ် ကစားသမား ဂရီးလစ်ကတော့ သူတို့အသင်းဟာ အီတီဟတ်မှာ ကစားတိုင်း ရပ်တန့်လို့ မရတဲ့ အသင်းမျိုး ဖြစ်သွားတာကြောင့် ဒုတိယအကျော့မှာ သူတို့အသင်းကပဲ နိုင်ပွဲ ရသွားလိမ့်မယ်လို့ ကြုံးဝါးလာခဲ့ပါတယ်။

Photo Credit: WWOS-Nine

ဂရီးလစ်က – “ကျွန်တော်တို့က ဒီနှစ်မှာ မတူညီတဲ့ ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ အသင်းသစ် တသင်း ဖြစ်နေပါပြီ။ ကျွန်တော်တို့က ပြီးခဲ့တဲ့ရာသီမှာ လုပ်မိခဲ့တဲ့ အမှားတွေကို သင်ခန်းစာ ယူခဲ့ပါတယ်။ ဒါကြောင့် အခုချိန်မှာ ကျွန်တော်တို့အသင်းက ခြေစွမ်းရော ၊ အတွေ့အကြုံပါ ညီမျှတဲ့ အသင်းကောင်း တသင်း ဖြစ်နေပါပြီ။ ကျွန်တော်တို့မှာ ကမ္ဘာ့အဆင့် ခြေစွမ်းကို ပိုင်ဆိုင်ထားတဲ့ လူငယ်ကြယ်ပွင့်တွေလည်း ရှိနေပါတယ်။ ကျွန်တော်တို့အသင်းမှာ အရည်အသွေးမြင့် ကစားသမားတွေ အများကြီး ရှိပါတယ်။ ဒီလို အရည်အသွေးမြင့် ကစားသမားတွေနဲ့ တွဲကစားရတာကြောင့် ကျွန်တော်တို့မှာ ဟိုးအရင်တုန်းက မရှိခဲ့ဖူးတဲ့ ယုံကြည်မှုတွေ ရှိလာခဲ့ပါတယ်။ အီတီဟတ်မှာ ဆိုရင် ကျွန်တော်တို့အသင်းကို ရပ်တန့်လို့ ရမှာ မဟုတ်ပါဘူး။ (ဒုတိယအကျော့မှာ ရီးရဲလ်ကို အနိုင်ကန်မယ်လို့ ဆိုလိုလျက်) ကျွန်တော်တို့က ဒီနေ့ပွဲမှာ အနိုင်ရဖို့ ကြိုးစားခဲ့ပေမယ့် လိုချင်တဲ့ ရလဒ်တော့ မရခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့က ၁ဂိုးနဲ့ ရှုံးနိမ့်နေချိန်မှာ ကျွန်တော်တို့အသင်းရဲ့ စရိုက်နဲ့ စိတ်ဓာတ်ပိုင်းကို ကောင်းကောင်းကြီး သက်သေပြနိုင်ခဲ့ပါတယ်။ ဘာနေဗျူးလို ကွင်းမျိုးမှာ လာကစားရတာက မလွယ်ကူပါဘူး။ ဒီပွဲမှာ မျှတတဲ့ ရလဒ်မျိုး ထွက်ခဲ့တယ်လို့ပဲ ထင်ပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။