ဂျက် ဂရီးလစ်ရှ်က အဲဗာတန်အသင်းရဲ့ ကွင်းသစ်မှာ အံ့မခန်းခြေစွမ်းပြသခဲ့တဲ့ ပွဲဦးထွက်ပွဲစဉ်အပြီးမှာ သူ့ရဲ့ ဘောလုံးအပေါ် ချစ်မြတ်နိုးမှုကို ပြန်လည်ရှာဖွေတွေ့ရှိအောင် ကူညီပေးခဲ့တဲ့အတွက် အဲဗာတန်အသင်းကို ကျေးဇူးတင်ကြောင်း ဝန်ခံပြောကြားလိုက်ပါတယ်။

အသက် (၂၉)နှစ်အရွယ် ကစားသမားဟာ မန်ချက်စတာ စီးတီးကနေ အငှားစာချုပ်နဲ့ ရောက်ရှိလာပြီးနောက် ပထမဆုံးအကြိမ် ပွဲထွက်ကစားခွင့်ရရှိခဲ့ပြီး အသင်းရဲ့သမိုင်းဝင်ပွဲစဉ်မှာ ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ အဲဗာတန်အသင်းရဲ့ ကွင်းသစ် ဟေးလ် ဒစ်ကင်ဆန်မှာ ပထမဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာပဲ ဘရိုက်တန်အသင်းကို ၂-၀ နဲ့ အနိုင်ရရှိခဲ့ပြီး အဆိုပါနိုင်ဂိုးနှစ်ဂိုးလုံးကို ဂရီးလစ်ရှ်က ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။

Photo Credit : The Times

ဂရီးလစ်ရှ်ဟာ အသင်းရဲ့ကွင်းသစ်မှာ ပထမဆုံး သမိုင်းဝင်ဂိုးကို အီလီမန် အန်ဒီယေး သွင်းယူနိုင်အောင် ဖန်တီးပေးခဲ့သလို၊ ဂျိမ်းစ် ဂါနာရဲ့ အဝေးကန်ချက်ကနေတစ်ဆင့် ဒုတိယဂိုးကိုလည်း ထပ်မံဖန်တီးပေးခဲ့ပါတယ်။အင်္ဂလန်လက်ရွေးစင် ကစားသမားက မန်စီးတီးမှာ ဆုဖလားများစွာ ရရှိခဲ့ပေမယ့် စိန်ခေါ်မှုများတဲ့ ကာလတစ်ခုကို ဖြတ်သန်းခဲ့ရပြီးနောက် ဘောလုံးကစားခြင်းရဲ့ ပျော်ရွှင်မှုကို ပြန်လည်ရှာဖွေနေခဲ့တာဖြစ်ကြောင်း ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

“ကျွန်တော့်အတွက် အဓိကက ဒီကိုရောက်လာပြီး ဘောလုံးကစားရတာကို ပျော်ရွှင်ဖို့ပါပဲ။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ကျွန်တော် ဘောလုံးအပေါ် အချစ်တွေ ပျောက်ဆုံးသွားတယ်တော့ မဟုတ်ပေမယ့် ကစားရတာကို သိပ်မပျော်တော့ဘူး။ အိမ်မှာရှိနေတဲ့အချိန်တွေမှာ ကျွန်တော့်မိသားစုကတောင် ဒီအကြောင်းကို ပြောဖူးတယ်။ ဒါက တခြားသူတွေကြောင့်မဟုတ်ဘဲ ကျွန်တော့်ကြောင့်ပါပဲ။ ဒါပေမဲ့ ကျွန်တော် ဘောလုံးကို အရမ်းချစ်တယ်။ ပွဲကစားရမယ့်နေ့မှာ နိုးထလာပြီး ကွင်းထဲဆင်းဖို့ မစောင့်နိုင်တော့တဲ့ ခံစားချက်မျိုးကို ပြန်လိုချင်ခဲ့တယ်။ ဒီနေ့ပွဲမှာ အဲ့ဒီလို ခံစားခဲ့ရပါတယ်” လို့ ဂရီးလစ်ရှ်က beIN Sports ကို ပြောပါတယ်။

Photo Credit : Yahoo Sports

ပေါင် သန်း(၁၀၀)တန် ကစားသမားဟောင်းက မာဆေးဆိုဒ်မှာ သူ့ကို ကြိုဆိုခဲ့ကြတဲ့ ပုံစံကြောင့် လန်းဆန်းတက်ကြွမှုကို ချက်ချင်းခံစားခဲ့ရတယ်လို့လည်း ဆိုပါတယ်။ “ကျွန်တော် ဒီကိုရောက်တာ ၁၀ ရက်လောက်ပဲ ရှိသေးတယ်။ ဒါပေမဲ့ မိနစ်တိုင်းကို ကျွန်တော် သဘောကျတယ်။ လူတိုင်းက ကျွန်တော့်ကို အရမ်းနွေးထွေးစွာ ကြိုဆိုကြတယ်။ နည်းပြ (ဒေးဗစ် မိုယက်စ်) ကလည်း ကျွန်တော်နဲ့ အမြဲစကားပြောပြီး အသင်းက ကျွန်တော့်ကို တကယ်လိုအပ်တယ်၊ ချစ်ခင်တယ်ဆိုတဲ့ ခံစားချက်ကို ပေးပါတယ်။”

ကွင်းထဲမှာတော့ ဂရီးလစ်ရှ်ဟာ သမိုင်းဝင်အဖွင့်ဂိုးကို သွင်းယူခဲ့တဲ့ အီလီမန် အန်ဒီယေးနဲ့ အတွဲအဖက်ညီညီ ကစားနိုင်ခဲ့ပါတယ်။ “ဟုတ်ပါတယ်၊ ကျွန်တော်တို့ အတူတူ ခြေစွမ်းပြနိုင်ပါတယ်။ အီလီ (အန်ဒီယေး) က ထူးခြားတဲ့ ဘောလုံးသမားတစ်ယောက်ပါ။ ဒီနေ့ပွဲမှာ ကျွန်တော်တို့ ဒါကို သက်သေပြခဲ့ပြီး အနာဂတ်မှာလည်း ဒီထက်ပိုပြီး တွဲကစားနိုင်ဖို့ မျှော်လင့်ပါတယ်။” လို့ ဂရီးလစ်ရှ်က ပြောကြားခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် အဲဗာတန်အသင်းဟာ သူတို့ရဲ့ကွင်းသစ်ကို သမိုင်းဝင်နိုင်ပွဲနဲ့ ဖွင့်လှစ်နိုင်ခဲ့ပြီး ပွဲပြီးခါနီးမှာ ဒန်နီ ဝဲလ်ဘတ်ရဲ့ ပင်နယ်တီကို ဂိုးသမား ဂျော်ဒန် ပစ်ဖို့ဒ် ကာကွယ်နိုင်ခဲ့တာကြောင့် နှစ်ဂိုးပြတ်နိုင်ပွဲကို သေချာစေခဲ့ပါတယ်။