လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ တောင်ပံတိုက်စစ် ကစားသမား ဂျက် ဂရီးလစ်ရှ်ကတော့ သူ့ရဲ့ အသင်းဖော်သစ် အာလင်း ဟာလန်းဟာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး ဖြစ်ကြောင်း ချီးကျူးစကား ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၆နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ဂျက် ဂရီးလစ်ရှ်ဟာ မန်ချက်စတာ စီးတီးရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး ပိုင်ရှင် ဖြစ်ပြီး မန်ချက်စတာ စီးတီး အတွက် အရေးပါတဲ့ ကစားသမားတွေထဲက တဦး အဖြစ် သတ်မှတ်ခံထားရသူပါ။

Photo Credit: Standard

တဖက်မှာတော့ အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ နော်ဝေလက်ရွေးစင် တိုက်စစ်မှူး အာလင်း ဟာလန်းက လာမယ့် ဇူလိုင်လ ၁ရက်နေ့မှာပဲ ဒေါ့မွန်ကနေ မန်ချက်စတာ စီးတီးဆီ ပြောင်းရွှေ့လာဖို့ သဘောတူညီမှု ရထားပြီး မန်ချက်စတာ စီးတီးနဲ့ ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

မန်ချက်စတာ စီးတီးဟာ အထောင်တိုက်စစ်မှူးစစ်စစ် မရှိချိန်မှာတောင် ဥရောပရဲ့ အကောင်းဆုံး အသင်းတွေထဲက တသင်း ဖြစ်နေတာကြောင့် ဟာလန်းလို ကမ္ဘာ့အဆင့် တိုက်စစ်မှူးမျိုး ရောက်လာချိန်မှာ မန်ချက်စတာ စီးတီးက ဥရောပရဲ့ အကောင်းဆုံးအသင်း ဖြစ်လာလိမ့်မယ်လို့ ထင်ကြေးပေးမှုတွေ ရှိနေကြပြီး ဂရီးလစ်ရှ်ကလည်း ဟာလန်းဟာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး ဖြစ်တာကြောင့် သူတို့အသင်းက အရင်ထက် ပိုကောင်းလာမယ်လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Standard

ဂရီးလစ်ရှ်က – “ကျွန်တော်တို့အသင်းက ထိပ်တန်း တိုက်စစ်မှူး တယောက်ကို ခေါ်ယူနိုင်ခဲ့တာပါ။ ဟာလန်းက ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးလို့တောင် ပြောလို့ ရမယ့် တိုက်စစ်မှူးပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ သူဟာ အသင်းအတွက် အားကိုးရမယ့်သူ ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ထားပါတယ်။ ပြီးတော့ ကျွန်တော်က သူနဲ့အတူ ရာသီသစ်ကို ဖြတ်သန်းဖို့ မစောင့်နိုင်တော့ပါဘူး” လို့ အမွှန်းတင် ချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ်။