အင်္ဂလန် လိဂ်-၂ကလပ် နယူးပေါ့တ် ကောင်တီရဲ့ နည်းပြချုပ် ဖြစ်သူ ဂရေဟမ် ကော့လန်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အက်ဖ်အေဖလား ပြန်ကန်ပွဲမှာ ပြိုင်ဘက် အိစ်လိတ်ချ်ကို အဝေးကွင်းမှာ ၁-၃ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူခဲ့ပြီးနောက် သူတို့အသင်းနဲ့ နောက်တဆင့်မှာ တွေ့ဆုံမယ့် မန်ချက်စတာ ယူနိုက်တက်ဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံးကလပ်ပါလို့ ချီးကျူးသွားခဲ့ပါတယ်။

ဂရေဟမ် ကော့လန် ဦးဆောင်နေတဲ့ နယူးပေါ့တ် ကောင်တီက အက်ဖ်အေဖလား တတိယအဆင့်မှာ အိစ်လိတ်ချ်နဲ့ တွေ့ဆုံခဲ့ရာ ပထမအကျော့မှာ တဖက် တဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့တာကြောင့် ယနေ့မနက်မှာ ဒုတိယအကျော့ အဖြစ် အိစ်လိတ်ချ်ရဲ့ အဝေးကွင်းမှာ ထပ်မံ ရင်ဆိုင် ကစားခဲ့ရပြီး အဆိုပါပွဲမှာ နယူးပေါ့တ်က ၁-၃ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

Photo Credit: FA Cup

အိစ်လိတ်ချ်ကို အနိုင်ရခဲ့တာကြောင့် နယူးပေါ့တ်က အက်ဖ်အေဖလား စတုတ္ထအဆင့်မှာ နာမည်ကြီး မန်ချက်စတာ ယူနိုက်တက်ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရဖို့ ရှိနေပြီး နယူးပေါ့တ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ ပွဲကို ဇန်နဝါရီလ ၂၈ရက်နေ့မှာ ကျင်းပသွားဖို့ စီစဉ်ထားပါတယ်။

အိစ်လိတ်ချ် ၁-၃ နယူးပေါ့တ် ပွဲအပြီးမှာတော့ နယူးပေါ့တ် ကောင်တီရဲ့ နည်းပြချုပ် ဂရေဟမ် ကော့လန်က စတုတ္ထအဆင့်မှာ တွေ့ဆုံရမယ့် သူတို့ရဲ့ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်ဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံးအသင်း ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: The Sun

ဂရေဟမ် ကော့လန်က – “ကျွန်တော်တို့က စတုတ္ထအဆင့်မှာ မန်ချက်စတာ ယူနိုက်တက်နဲ့ ရင်ဆိုင် ကစားရပါတော့မယ်။ မန်ချက်စတာ ယူနိုက်တက်က ကျွန်တော့်အတွက် အင်္ဂလန် ၊ ဥရောပတိုက်နဲ့ ကမ္ဘာပေါ်မှာ အကြီးမားဆုံး ဘောလုံးအသင်းပါ” လို့ ပြောကာ ပြိုင်ဘက်အသင်းကို ချီးမွမ်းခန်း ဖွင့်သွားခဲ့တာပါ။

တန်ဟက်ဂ် ဦးဆောင်နေတဲ့ မန်ချက်စတာ ယူနိုက်တက်က ဒီရာသီမှာ အက်ဖ်အေဖလားနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲ နှစ်ခုထဲသာ အာရုံစိုက် ယှဉ်ပြိုင်ရဖို့ ရှိနေတာကြောင့် အက်ဖ်အေပြိုင်ပွဲမှာ အားထည့် ကစားဖို့ ရှိနေပြီး ဂရေဟမ် ကော့လန်ရဲ့ နယူးပေါ့တ်က မန်ချက်စတာ ယူနိုက်တက်ကို ခက်ခက်ခဲခဲ ကစားရဖွယ် ရှိနေပါတယ်။