နယူးကာဆယ် ယူနိုက်တက်အသင်း နည်းပြဖြစ်သူ အက်ဒီဟောင်းက ပီအက်စ်ဂျီအသင်းမှာ ကီလီယန် အမ်ဘာပေလို့ အရေးပါတဲ့ ကစားသမား ရှိနေသလို သူတို့အသင်းမှာလည်း အန်တိုနီ ဂေါ်ဒွန်က ဘာပေလို အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

နယူးကာဆယ် နဲ့ ပီအက်စ်ဂျီအသင်းတို့ဟာ ဒီနေ့ညမှာပဲ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်အဖြစ် ပဲရစ်မြို့မှာ ကစားရမှာဖြစ်ပြီး ဒီပွဲက အုပ်စု(F)မှာ ဇယားအောက်ဆုံး ဖြစ်နေတဲ့ နယူးကာဆယ်အသင်းအတွက်တော့ မဖြစ်မနေ အမှတ်ယူဖို့ လိုအပ်နေပြီး ရှုံးပွဲမကြုံဖို့လည်း လိုနေပါတယ်။

Photo Credit : Sky Sports

နယူးကာဆယ်က သူတို့ရဲ့ အိမ်ကွင်း စိန့်ဂျိမ်းစ်ပတ်ခ်မှာ ပီအက်စ်ဂျီအသင်းကို ဧည့်ခံကစားခဲ့တုန်းက (၄)ဂိုး (၁)ဂိုးဆိုတဲ့ ရလဒ်မျိုးနဲ့ အပြတ်အသတ် အနိုင်ယူထားခဲ့ပေမယ့်လည်း ဒေါ့မွန်အသင်းကို နှစ်ကျော့လုံး အရှုံးပေးခဲ့ရတာကြောင့် အုပ်စု(F)ရဲ့ အဆင့်(၄)နေရာထိ ရောက်ရှိသွားခဲ့ရတာ ဖြစ်ပါတယ်။

အခု ပဲရစ်မှာ ပြန်ရင်ဆိုင်ရမယ့် ပွဲစဉ်နဲ့ ပတ်သက်ပြီး သူတို့ နယူးကာဆယ်မှာ ပီအက်စ်ဂျီက ဘာပေလို အရေးပါတဲ့ ကစားသမား ဂေါ်ဒွန် ရှိတယ်လို့ အက်ဒီဟောင်းက ပြောဆိုလာပါတယ်။ “အန်တိုနီ(ဂေါ်ဒွန်)က ကျွန်တော်တို့အတွက် အလွန်ကောင်းတဲ့ ကစားသမားပါ။ သူ့ကို ခေါ်ယူခဲ့တုန်းက သူ့မှာ ကြီးမားတဲ့ အလားအလာတွေ ယုံကြည်စိတ်ချရမှုတွေ နဲ့ နည်းစနစ်ပိုင်း စွမ်းရည်တွေ ရှိနေတယ်ဆိုတာ သိခဲ့ပါတယ်။”

Photo Credit : Chronicle Live

“အသင်းအတွက်လည်း ပွဲတိုင်း ကစားပေးနိုင်တဲ့ ကစားသမားမျိုးပါ။ ဒီလို ကစားသမားမျိုးက အသင်းအတွက် အလွန်လည်း အရေးကြီးပါတယ်။ ပီအက်စ်ဂျီအသင်းမှာ ဘာပေက အရေးပါတဲ့ ကစားသမား ဖြစ်နေသလိုမျိုး အန်တိုနီကလည်း ကျွန်တော်တို့အတွက် အလွန်အရေးပါနေပါတယ်။”

“မကြာခင်မှာပဲ အန်တိုနီက အင်္ဂလန် လက်ရွေးစင်အသင်းမှာပါ ရွေးချယ်ခံလာရတော့မှာပါ။ လာမယ့် ယူရို-၂၀၂၄မှာ အန်တိုနီအနေနဲ့ အင်္ဂလန်အတွက် ကစားပေးခွင့် ရရှိသင့်ပါတယ်။” လို့ အက်ဒီဟောင်းက ပြောဆိုသွားခဲ့ပါတယ်။ ဂေါ်ဒွန်က ဒီရာသီမှာ နယူးကာဆယ်အတွက် (၁၈)ပွဲကစား (၅)ဂိုးသွင်း (၃)ဂိုးဖန်တီးပေးထားနိုင်ခဲ့ပါတယ်။