ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်းပိုင်ရှင် မိသားစု ဖြစ်တဲ့ ဂလေဇာမိသားစုက မန်ချက်စတာ ယူနိုက်တက် ပရိသတ် အများအပြားဟာ သူတို့ကို ဆန့်ကျင် ဆန္ဒပြမှုတွေ ပြုလုပ်နေတာကြောင့် အသင်းကို ပြန်လည် ရောင်းချဖို့ စဉ်းစားနေပြီး ယူနိုက်တက်ကို ရောင်းချရာကနေ ဒေါ်လာ ၆ ဘီလီယံ ဝန်းကျင် အထိ လိုချင်နေကြောင်း နာမည်ကြီး သတင်းထောက် အများစုက အခိုင်အမာ ဖော်ပြသွားခဲ့ကြပါတယ်။

အမေရိကန် သန်းကြွယ်သူဌေး မိသားစု ဖြစ်တဲ့ ဂလေဇာမိသားစုက မန်ချက်စတာ ယူနိုက်တက်ကို ၂၀၀၃ခုနှစ်မှာ ဒေါ်လာ ၈၀၀သန်းကျော်နဲ့ ဝယ်ယူခဲ့တာ ဖြစ်ပြီး သူတို့ရဲ့ လက်ထက်မှာ ယူနိုက်တက်ရဲ့ တန်ကြေးဟာ အဆမတန် မြင့်တက်လာခဲ့ပေမယ့် အသင်းရဲ့ ကွင်းတွင်းခြေစွမ်းကတော့ ဂန္တဝင် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန် မရှိတော့တဲ့နောက် တစထက် တစ နိမ့်ပါးလာခဲ့ပါတယ်။

Photo Credit: Daily Mail

ယခုနှစ် ဘောလုံးရာသီမှာဆိုရင်လည်း မန်ချက်စတာ ယူနိုက်တက်က ရာသီအဖွင့်ပွဲ ၂ပွဲစလုံးကို အရှက်တကွဲ ရှုံးနိမ့်ထားတာကြောင့် ယူနိုက်တက် ပရိသတ်အများစုက အသင်းနဲ့ ပတ်သတ်ပြီး သင့်တော်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်ခဲ့တဲ့ ဂလေဇာမိသားစုကို အသင်းရဲ့ အဓိက ပြဿနာ အဖြစ် ရှုမြင်နေကြကာ ဂလေဇာမိသားစုအနေနဲ့ မန်ချက်စတာ ယူနိုက်တက်ကို ရောင်းချပြီး အသင်းကနေ ထွက်ခွာသွားအောင် ဆန့်ကျင် ဆန္ဒပြမှုတွေ ပြုလုပ်နေကြပါတယ်။

ပရိသတ်တွေရဲ့ ဆန့်ကျင်မှု အကျိုးဆက်အနေနဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ရှယ်ယာတန်ဖိုးတွေက ဆက်တိုက်ဆိုသလို ကျဆင်းနေခဲ့ပြီး ဂလေဇာမိသားစုက ရှယ်ယာတန်ဖိုးတွေ ဆက်တိုက် ကျဆင်းလာတာကြောင့် မန်ချက်စတာ ယူနိုက်တက် အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှု တရပ် ရလာရင် ရောင်းချဖို့ စဉ်းစားနေပါတယ်။

Photo Credit: Daily Mail

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ မီဂွယ် ဒီလာနေးရဲ့ ဖော်ပြချက်အရ ဂလေဇာမိသားစုက ဒေါ်လာ ၆ဘီလီယံ ဝန်းကျင် ရရှိရင် မန်ချက်စတာ ယူနိုက်တက်ကို ရောင်းချဖို့ ဆုံးဖြတ်ထားပြီး လက်ရှိမှာတော့ ယူနိုက်တက်ကို ဝယ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဘီလီယံနာသူဌေး ၃ဦး ရှိနေကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဆာအဲလက်စ် ဖာဂူဆန် မရှိတော့တဲ့နောက် ကြီးမားတဲ့ အောင်မြင်မှုတွေကို မရတော့ပေမယ့် အသင်းရဲ့ ပရိသတ်အင်အားနဲ့ ပုံရိပ်ကြောင့် လက်ရှိအချိန် အထိ ကမ္ဘာ့တန်ကြေးအကြီးဆုံး အသင်း ၅သင်း စာရင်းဝင်နေဆဲ ဖြစ်ပြီး ဆော်ဒီတော်ဝင်မိသားစု အပါအဝင် နာမည်ကြီး ဘီလီယံနာသူဌေး အများစုက မန်ချက်စတာ ယူနိုက်တက်ကို ဂလေဇာမိသားစုရဲ့ လက်ထဲကနေ လွှဲပြောင်းရယူဖို့ စိတ်ဝင်စားနေကြပါတယ်။