ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပိုင်ရှင်မိသားစု ဖြစ်တဲ့ ဂလေဇာမိသားစု ကတော့ သူတို့ဟာ လာမယ့် နွေအပြောင်းအရွှေ့မှာ နည်းပြသစ် တန်ဟက်ဂ်ဘက်က တောင်းဆိုတဲ့ ငွေကြေးတွေကို ထုတ်ပေးကာ အသင်းကို ပြန်လည် အားဖြည့်သွားမယ်လို့ ပရိသတ်တွေကို ကတိပေးစကား ပြောကြားသွားခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ ပရိသတ် အားပေးမှု အများဆုံး အသင်းတွေထဲက တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ တချိန်က အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးအသင်း ဖြစ်ခဲ့ပေမယ့် ဂန္တဝင် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန် ထွက်သွားပြီးနောက်ပိုင်း ပရီးမီးယားလိဂ် ချန်ပီယံဆုကို ပြန်လည် ဆွတ်ခူးနိုင်ခြင်း မရှိတော့ပါဘူး။

Photo Credit: Sky Sports

ဆာအဲလက်စ် ဖာဂူဆန် နောက်ပိုင်း မန်ချက်စတာ ယူနိုက်တက်က မိုယက်စ် ၊ ဗန်ဟားလ် ၊ မော်ရင်ဟို ၊ ဆိုးလ်ရှား ၊ ရန်းဂ်နစ် စတဲ့ နည်းပြတွေကို ခေါ်ယူ ခန့်အပ်ခဲ့သလို ထိပ်တန်း ကစားသမားတွေကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတွေ ပေးချေကာ ခေါ်ယူခဲ့ပေမယ့် လိုချင်တဲ့ အောင်မြင်မှုတွေ မရခဲ့တာကြောင့် အေဂျက်နဲ့အတူ အောင်မြင်မှုတွေ ရယူထားနိုင်တဲ့ နယ်သာလန် ထိပ်သီးနည်းပြ အဲရစ် တန်ဟက်ဂ်ကို ကာလရှည် စာချုပ်တရပ်နဲ့ နည်းပြသစ် အဖြစ် ခန့်အပ်ထားပါတယ်။

မန်ချက်စတာ ယူနိုက်တက်က အဲရစ် တန်ဟက်ဂ်ကို ကာလရှည် စာချုပ်တရပ်နဲ့ ခေါ်ယူ ခန့်အပ်ခဲ့သလို ဆာအဲလက်စ် ဖာဂူဆန် နောက်ပိုင်း ဘယ်နည်းပြကိုမှ မပေးခဲ့တဲ့ အသင်းအား အလုံးစုံ ချုပ်ကိုင်ခွင့်ကိုပါ တန်ဟက်ဂ်ဆီ ပေးထားပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ ပိုင်ရှင် မိသားစု ဖြစ်တဲ့ ဂလေဇာမိသားစုကို ဦးဆောင်နေတဲ့ အေဗရမ် ဂလေဇာကတော့ သူတို့ဟာ တန်ဟက်ဂ်ကို သူ လိုချင်သမျှ ငွေကြေးတွေ ထောက်ပံ့ပေးဖို့ အဆင်သင့် ဖြစ်နေကြောင်း ပရိသတ်တွေကို အသိပေးသွားခဲ့ပါတယ်။

Photo Credit: Sky Sports

အေဗရမ် ဂလေဇာက – “ဒီရာသီက ကျွန်တော်တို့ အတွက် စိတ်ပျက်စရာကောင်းတဲ့ ရာသီတခု ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် လာမယ့်ရာသီမှာ ကျွန်တော်တို့က ပိုအောင်မြင်တဲ့ ဘောလုံးရာသီ တခု ပိုင်ဆိုင်နိုင်အောင် အလုပ်တွေ ပိုကြိုးစားဖို့ လိုပါလိမ့်မယ်။ ကျွန်တော်တို့က တန်ဟက်ဂ်နဲ့အတူ အောင်မြင်မှုတွေ ရယူနိုင်မယ်လို့ အပြည့်အဝ ယုံကြည်ထားပါတယ်။ ပြီးတော့ ကျွန်တော်တို့က တန်ဟက်ဂ်ဟာ အသင်းကို အောင်မြင်မှုတွေဆီ သယ်ဆောင်ပေးနိုင်မယ့်သူလို့ ယူဆထားပါတယ်။ ကျွန်တော်တို့က သူ တောင်းဆိုတဲ့ ငွေကြေးတွေ ပေးဖို့ အဆင်သင့်ပါပဲ။ ငွေကြေးတွေကို အကျိုးရှိရှိ အသုံးချပြီး ကစားသမားသစ်တွေကို ခေါ်ယူဖို့လည်း ပြင်ဆင်ထားပါတယ်” လို့ ထုတ်ဖော် ပြောကြားခဲ့တာပါ။