မနေ့ညက Stade de France ကွင်းမှာ ယှဉ်ပြိုင်သွားခဲ့ကြတဲ့ ပြင်သစ်အသင်းနဲ့ သြစတြီးယားအသင်းတို့ရဲ့ UEFA Nations League ပြိုင်ပွဲရဲ့ League A1 ပွဲစဉ်(၅)မှာ အိမ်ရှင်ပြင်သစ်တို့က ဘာပေ ဂျရူးတို့ရဲ့ သွင်းဂိုးတွေနဲ့ ၂၀၂၂-၂၀၂၃ ရာသီ Nations League ပထမဆုံး နိုင်ပွဲကို စတင်ရရှိခဲ့ပြီး ဒီပွဲမှာ ဂိုးသွင်းယူခဲ့တဲ့ ဂျရူးဟာလည်း လက်ရွေးစင်အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်လာဖို့ တဖြည်းဖြည်း နီးစပ်လာခဲ့ပါတယ်။

Photo Credit : Goal

၂၀၂၁-၂၀၂၂ Nations League ချန်ပီယံဖြစ်တဲ့ ပြင်သစ်အသင်းဟာ ဒီရာသီမှာတော့ ရုန်းကန်နေခဲ့ရပြီး အခုပွဲမတိုင်ခင် ကစားထားခဲ့တဲ့ ပွဲစဉ်(၄)ပွဲလုံး နိုင်ပွဲပျောက်ဆုံးထားခဲ့ရပါတယ်။ ပိုဆိုးတာက အိမ်ကွင်းတွေမှာ ကစားခဲ့ရတဲ့ ပွဲစဉ်တွေမှာပဲ ခရိုအေးရှုားနဲ့ ဒိန်းမတ်တို့ကို အရေးနိမ့်ထားခဲ့ရတာကြောင့် အုပ်စုအတွင်း နောက်ဆုံးသော အိမ်ကွင်းပွဲစဉ်ဖြစ်တဲ့ သြစတြီးယားနဲ့ပွဲမှာ ရလဒ်ကောင်းယူဖို့ မဖြစ်မနေ လိုအပ်လာခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲရဲ့ ပထမပိုင်း ပွဲချိန်အတွင်း ဂိုးမရှိသရေ ဖြစ်ခဲ့ရပေမယ့် ဒုတိယပိုင်း ပွဲကစားချိန်မှာတော့ ဘာပေ ဂျရူးတို့ရဲ့ ဂိုးတွေနဲ့ အနိုင်ရသွားခဲ့ပါတယ်။

Photo Credit : Detik Sports

ဒီပွဲစဉ်မှာ ဘာပေရဲ့ အဖွင့်ဂိုးကို ဖန်တီးပေးနိုင်ခဲ့ပြီး ကိုယ်တိုင်ပါ ဒုတိယဂိုးကို ခေါင်းတိုက် သွင်းယူနိုင်ခဲ့သေးတဲ့ ဝါရင့် တိုက်စစ်ကစားသမားကြီး အိုလီဗီယာဂျရူးက အခုဆိုရင် ပြင်သစ်လက်ရွေးစင်အသင်းအတွက် သူသွင်းယူနိုင်ခဲ့တဲ့ ဂိုးအရေအတွက်က (၄၉)ဂိုးအထိ ရှိလာခဲ့ရပါတယ်။ လက်ရှိ ပြင်သစ်အသင်းရဲ့ ဂိုးအများဆုံး သွင်းယူထားနိုင်တဲ့ ကစားသမားက အာဆင်နယ် ဂန္တဝင် ကစားသမားဟောင်းကြီး သီယာရီအွန်နရီဖြစ်ပြီး စုစုပေါင်း (၅၁)ဂိုးအထိ သွင်းယူထားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိမှာ ဂျရူးအနေနဲ့ အွန်နရီရဲ့ ဂိုးသွင်းစံချိန်ကို မှီနိုင်ဖို့က (၂)ဂိုးသာ လိုအပ်နေတော့သလို နောက်ထပ် (၃)ဂိုး သွင်းယူလိုက်မယ်ဆိုရင် ပြင်သစ်ရဲ့ all-time men’s leading scorers ပါ ဖြစ်လာပါလိမ့်မယ်။ လက်ရှိမှာ အသက်(၃၅)နှစ်အရွယ် ရှိနေပေမယ့်လည်း အေစီမီလန်မှာရော ပြင်သစ်အသင်းမှာပါ နေရာတစ်နေရာ အခိုင်အမာ ရရှိထားနေသေးတဲ့ ဂျရူးက သူနောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၄)ပွဲဆက်တိုက် ဂိုးတွေ သွင်းယူထားနိုင်ခဲ့ပြီး မီလန်အတွက်လည်း ဒီရာသီမှာ (၅)ဂိုးထိ သွင်းယူထားနိုင်ခဲ့ပါတယ်။