ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို နည်းပြဟောင်းလည်း ဖြစ်တဲ့ ရိုင်ယန်ဂစ်က သူ့ရဲ့ အသင်းဟောင်းဟာ တန်ကြေးမြင့် ကစားသမားတွေကို လျှောက်ခေါ်နေမယ့်အစား အသင်းအတွက် အမှန်တကယ် ကစားပေးချင်တဲ့ ကစားသမားတွေကိုသာ ခေါ်ယူသင့်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ ဝေးလ်တို့ရဲ့ ဂန္တဝင် ကစားသမား ရိုင်ယန်ဂစ်က မန်ချက်စတာ ယူနိုက်တက်ရဲ့ အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကစားသမား တဦး ဖြစ်သလို သူ့ရဲ့ တဘဝလုံး မန်ချက်စတာ ယူနိုက်တက် အတွက်သာ ကစားပေးခဲ့သူပါ။

Photo Credit: Sky Sports

ရိုင်ယန်ဂစ်က မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၉၆၃ပွဲ အထိ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၆၈ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၂၆၀ကြိမ် ရရှိခဲ့ပြီး သူက မန်ချက်စတာ ယူနိုက်တက်နဲ့အတူ ဆုဖလားပေါင်း ၃၄လုံး အထိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ကစားသမားဘဝ နောက်ဆုံးရာသီမှာလည်း ရိုင်ယန်ဂစ်က မန်ချက်စတာ ယူနိုက်တက်ရဲ့ ယာယီနည်းပြ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သူက မန်ချက်စတာ ယူနိုက်တက်ကို ယာယီနည်းပြ အဖြစ် ၄ပွဲ တာဝန်ယူ ကိုင်တွယ်ခဲ့ပါတယ်။

နောက်ဆုံးလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ရိုင်ယန်ဂစ်က မန်ချက်စတာ ယူနိုက်တက်ဟာ တန်ကြေးမြင့် ကစားသမားတွေကို လိုက်လံ ခေါ်ယူနေမယ့် အစား အသင်းအတွက် အမှန်တကယ် ကစားပေးချင်တဲ့ ကစားသမားတွေကိုသာ ခေါ်ယူသင့်ကြောင်းအား ဂါနာချိုနဲ့ အန်တိုနီတို့ကို ဥပမာပေးကာ ပြောသွားခဲ့ပါတယ်။

Photo  Credit: Goal

ရိုင်ယန်ဂစ်က – “ကျွန်တော်တို့တွေ ပထမဦးဆုံး ပြောင်းလဲရမယ့်အရာက အသင်းရဲ့ လုပ်ထုံးလုပ်နည်းပါ။ ကျွန်တော်တို့က ယူနိုက်တက် အတွက် အမှန်တကယ် ကစားပေးချင်တဲ့သူနဲ့ ယူနိုက်တက် နိုင်ပွဲရဖို့ ဘာမဆိုလုပ်မယ့် ကစားသမားမျိုးတွေကိုပဲ ခေါ်သင့်ပါတယ်။ ဒါက ကျွန်တော်တို့တွေ ကစားသမား ခေါ်ယူမယ် ဆိုရင် အဲ့ဒီအချက်ကို ထည့်သွင်း စဉ်းစားရပါမယ်။ ဂါနာချိုကိုပဲ ကြည့်လိုက်ပါ။ သူက ခင်ဗျားကို ထိုင်နေရာ ကနေ ထလာအောင် (စိတ်လှုပ်ရှားအောင် လုပ်နိုင်တာကို ရည်ရွယ်လျက်) လုပ်နိုင်ပါတယ်။ သူက ပြောင်းရွှေ့ကြေး အများကြီး ပေးပြီး ခေါ်ထားရတဲ့ ကစားသမားထက် (အန်တိုနီကို ရည်ရွယ်လျက်) ၁၀ဆသာတဲ့ ခြေစွမ်းမျိုးနဲ့ ကစားပြနေပါတယ်။ ကျွန်တော်တို့အသင်းက နှစ်တွေ အများကြီး မှားယွင်းတဲ့ ကစားသမား ခေါ်ယူမှုတွေကိုပဲ လုပ်ခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။