ဂီတာဖေးအသင်းက ဒီရာသီမှာ မန်ချက်စတာ ယူနိုက်တက်အသင်းက တစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူထားတဲ့ အင်္ဂလန် တိုက်စစ်ကစားသမားလေး မေဆန် ဂရင်းဝုဒ်ရဲ့ အငှားသက်တမ်း ပမာဏကို ထပ်မံ တိုးမြှင့်သွားချင်နေတာကြောင့် ယူနိုက်တက်နဲ့ ဆွေးနွေးမှု ပြုလုပ်သွားဖွယ်လည်း ရှိနေပါတယ်။

အမှုကိစ္စတွေ ရင်ဆိုင်ပြီးနောက် အမှုကနေ ကွင်းလုံးကျွတ် လွတ်မြောက်ခဲ့ပေမယ့်လည်း ယူနိုက်တက်အတွက် ပြန်ကစားပေးဖို့ ကန့်ကွက်မှုတွေ ရှိနေတာကြောင့် ဂီတာဖေးအသင်းဆီ အငှားနဲ့သာ ထွက်ခွာလာခဲ့ရတဲ့ ဂရင်းဝုဒ်က အခုဆိုရင် ဂီတာဖေးအသင်းရဲ့ main player တစ်ဦးပါ ဖြစ်လာခဲ့ပါတယ်။

Photo Credit : Clutch Points

လက်ရှိမှာ ဂရင်းဝုဒ်က ဂီတာဖေးအတွက် (၂၅)ပွဲ ပါဝင်ကစားထားရင်း သွင်းဂိုး (၇)ဂိုး ဂိုးဖန်တီးမှု (၅)ကြိမ်အထိ လုပ်ဆောင်ထားနိုင်ခဲ့ပါတယ်။ ဒီလို စွမ်းဆောင်ရည်တွေကြောင့် ဂရင်းဝုဒ်ကို ဘာစီလိုနာ အသက်လက်တီကိုတို့လို လာလီဂါရဲ့ အင်အားကြီး ကလပ်အသင်းတွေကပါ စိတ်ဝင်စားလာခဲ့ပါတယ်။

ယူနိုက်တက်ဘက်ကလည်း အသင်းရဲ့ ပူးတွဲပိုင်ရှင်သစ် ဆာဂျင်ရက်ကလစ်ဖ်က သူတို့တွေအနေနဲ့ ဂရင်းဝုဒ်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်အသစ်တွေ ချမှတ်သွားမယ်လို့ ထုတ်ဖော် ပြောဆိုထားပြီး ယူနိုက်တက်နဲ့ ဂရင်းဝုဒ်တို့ အခြေအနေက မရေမရာသာ ဖြစ်နေရပါတယ်။

Photo Credit : Football365

ဒီလို အခြေအနေမှာ ဂီတာဖေးအသင်းက ဂရင်းဝုဒ်ကို နောက်ထပ် တစ်ရာသီခန့်လောက် အငှားသက်တမ်း ထပ်မံ တိုးမြှင့်လာတာကြောင့် ယူနိုက်တက်အသင်းနဲ့ ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်ဆောင်သွားဖို့လည်း ရှိနေပါတယ်။ ဆာဂျင်တို့ဘက်ကတော့ ဂရင်းဝုဒ်ကို အသင်းမှာပဲ ဆက်ထားမလား ရောင်းချသွားမလား ဒါမှမဟုတ် အငှားချသွားမလားဆိုတာ မကြာခင်မှာ ဆုံးဖြတ်ဖို့ ရှိနေပါတယ်။

ဂရင်းဝုဒ်ကိုယ်တိုင်ကလည်း ယူနိုက်တက်အသင်းဆီ ပြန်သွားဖို့ထက် အခြေတကျ ဖြစ်နေတဲ့ စပိန် လာလီဂါမှာသာ သူရဲ့ ကစားသမားဘဝကို ဆက်လက် ဖြတ်သန်းချင်နေတာကြောင့် ဂီတာဖေးမှာပဲ ဆက်ကစားသွားဖွယ် ရှိနေပါတယ်။