ဂီတာဖေးအသင်းက မန်ချက်စတာ ယူနိုက်တက်အသင်းကနေ တစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူထားတဲ့ တိုက်စစ်မှူး မေဆန် ဂရင်းဝုဒ်ကို အပြီးသတ် ခေါ်ယူသွားချင်နေသလို ဆီဗီလာအသင်းကလည်း ဂရင်းဝုဒ်ကို စိတ်ဝင်စားလျက် ရှိနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အတူနေ ချစ်သူအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကျူးလွန်ထားတယ်ဆိုပြီး စွပ်ချက်တင်ခံရရင်းနဲ့ အမှု ရင်ဆိုင်ခဲ့ရတဲ့ ဂရင်းဝုဒ်ဟာ ဘောလုံးနဲ့ပါ တစ်နှစ်ကျော်လောက် အဆက်ပြတ်ခဲ့ရသလို ယူနိုက်တက် ကစားသမားဘဝဟာလည်း အဆုံးသတ်လုနီးပါးအထိ ဖြစ်ခဲ့ရပါတယ်။

Photo Credit : Football365

ဒါပေမယ့် ယူနိုက်တက်ဘက်က ဂရင်းဝုဒ်ကို အသင်းကနေ လုံးဝ ယတိပြတ် မစွန့်လွတ်နိုင်ပဲ ဂီတာဖေးအသင်းဆီကိုသာ တစ်ရာသီ အငှားချလိုက်ရာ အခုဆိုရင် ဂရင်းဝုဒ်က ဂီတာဖေးအတွက် လာလီဂါမှာ (၅)ပွဲကစား (၁)ဂိုးသွင်း (၁)ဂိုး ဖန်တီးပေးထားနိုင်ပါတယ်။

ဒီလို စွမ်းဆောင်ထားနိုင်တဲ့ အသက် (၂၂)နှစ်အရွယ် အင်္ဂလန် လက်ရွေးစင်ဟောင်း ကစားသမားလေးကို ဂီတာဖေးက အငှားကနေ အပြီးသတ် ခေါ်ယူသွားချင်နေသလို ဂီတာဖေးနဲ့အပြိုင် နောက်ထပ် လာလီဂါကလပ် ဆီဗီလာကလည်း ဂရင်းဝုဒ်ကို သူတို့အသင်းဆီ ခေါ်ဆောင်သွားချင်နေပါတယ်။

Photo Credit : Goal

ဒါပေမယ့် ယူနိုက်တက်အနေနဲ့ သူတို့ရဲ့ အကယ်ဒမီထွက် ကစားသမားလေး ဂရင်းဝုဒ်ရဲ့အနာဂတ်အတွက် ဘယ်လို ဆုံးဖြတ်ချက်တွေ ချမှတ်သွားမလဲဆိုတာ ဆက်လက် စောင့်ကြည့်သွားရဦးမှာဖြစ်ပြီး အငှားချထားရာကနေ အသင်းဆီ ပြန်ခေါ်ယူဖွယ်လည်း ရှိနိုင်ပါတယ်။

လက်ရှိ ယူနိုက်တက်အသင်းရဲ့ အထောင်တိုက်စစ်မှာက ဟွိုင်လန်း မာရှယ် နဲ့ ရပ်ရှ်ဖို့ဒ်တို့သာ ရှိနေပြီး မာရှယ်က အနာဂတ် မရေရာတော့သလို ရပ်ရှ်ဖို့ဒ်ကလည်း အထောင်တိုက်စစ်ထက် တောင်ပံမှာပဲ ပ်ိုမို ကစားတက်တာဖြစ်လို့ ဂရင်းဝုဒ်သာ ပြန်ရောက်လာမယ်ဆိုရင် ယူနိုက်တက် တိုက်စစ် ပိုမို အင်အားတောင့်တင်းလာမှာ သေချာနေပါတယ်။