ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို လက်ရှိမှာ နည်းပြလောကထဲကိုလည်း ဝင်ရောက်ထားတဲ့ စတီဗင် ဂျာရတ်ကတော့ သူဟာ ဒေါ့မွန် ကွင်းလယ်ကြယ်ပွင့် ဘယ်လင်ဟမ်ကို လီဗာပူးဆီ ပြောင်းရွှေ့နိုင်အောင် ကူညီပေးသွားမယ်လို့ အခိုင်အမာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

ယာဂင် ကလော့ပ် ဦးဆောင်နေတဲ့ လီဗာပူးက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဆုဖလား ၄လုံးစလုံး တပြိုင်နက်ထဲ ရယူနိုင်လောက်တဲ့ အထိ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်နေရပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း အဆင့်၈နေရာ အထိ ရောက်ရှိနေခဲ့ပါတယ်။

Photo Credit: The Sun

လီဗာပူးရဲ့ ဒီရာသီ ရလဒ်တွေ ဆိုးရွားနေရတဲ့ အကြောင်းအရင်းတွေထဲက တခုဟာ ကွင်းလယ်ပိုင်း အားနည်းချက် ဖြစ်ပြီး လီဗာပူးရဲ့ ကွင်းလယ်မှာ ကစားသမားတွေ စုပုံနေပေမယ့် အားကိုးရတဲ့ ကစားသမား ဆိုလို့ သီယာဂို တဦးထဲသာ ရှိနေပါတယ်။

ဒါကြောင့် လီဗာပူးရဲ့ တာဝန်ရှိသူတွေနဲ့ နည်းပြချုပ် ယာဂင် ကလော့ပ်က လာမယ့် နွေဈေးကွက်မှာ အသင်းရဲ့ ကွင်းလယ်ပိုင်း အတွက် အားဖြည့်မှု အဖြစ် ဒေါ့မွန်ရဲ့ အင်္ဂလန် ကွင်းလယ်လူ ဘယ်လင်ဟမ်ကို ခေါ်ယူဖို့ ကြိုးစားနေပြီး ဘယ်လင်ဟမ်ရဲ့ ကိုယ်စားလှယ်တွေကလည်း လီဗာပူးရဲ့ တာဝန်ရှိသူတွေနဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ စတင် လုပ်ဆောင်နေပါပြီ။

Photo Credit: The Sun

အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ အင်္ဂလန် လူငယ်ကြယ်ပွင့် ဘယ်လင်ဟမ်က ဒေါ့မွန်ရဲ့ အဓိက ကွင်းလယ်လူ အဖြစ် ခြေစွမ်းပြ ကစားထားနိုင်တာကြောင့် ရီးရဲလ်မက်ဒရစ် အပါအဝင် ဥရောပ ထိပ်သီးအသင်းတွေရဲ့ ပစ်မှတ်ထားခြင်းကို ခံနေရသူ ဖြစ်ပြီး ဘယ်လင်ဟမ်ရဲ့ ငယ်ဘဝ ဟီးရိုးကတော့ စတီဗင် ဂျာရတ်ပါ။

ဒါကြောင့်လည်း ဂျာရတ်က နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဘယ်လင်ဟမ်ဟာ လီဗာပူးဆီ ပြောင်းရွှေ့မယ့် ကိစ္စနဲ့ ပတ်သတ်ပြီး တိုင်ပင်ချင်ရင် သူ့ဆီ အချိန်မရွေး ဆက်သွယ်လို့ ရကြောင်းနဲ့ သူက လီဗာပူးနဲ့ ဘယ်လင်ဟမ်တို့ရဲ့ အပြောင်းအရွှေ့ ဖြစ်မြောက်လာအောင် ကူညီချင်ကြောင်း ဆိုလာပါတယ်။

ဂျာရတ်က – “ဘယ်လင်ဟမ် လုပ်ဖို့ လိုတဲ့ တခုထဲသော အရာက သူ အားတဲ့ အချိန်မှာ သူ့ရဲ့ ဒိုင်ယာရီစာအုပ်ကို ကျွန်တော့်ဆီ ပို့ဖို့ပါပဲ။ ကျွန်တော်က သူနဲ့ တွေ့ခွင့် ရဖို့ ဒေါ့မွန်အထိ သွားဖို့တောင် တွေးထားပါတယ်။ ပြီးတော့ ကျွန်တော်က သူ့ကို ညစာခေါ်ကျွေးပြီး လီဗာပူးနဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးပေးသွားပါမယ်” လို့ သူ့ရဲ့ ဆန္ဒကို ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။