ပရီးမီးယားလိဂ် အင်အားကြီးကလပ် လီဗာပူးရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို ရိန်းဂျား ၊ ဗီလာတို့ရဲ့ နည်းပြဟောင်းလည်း ဖြစ်တဲ့ စတီဗင် ဂျာရတ်က ဥရောပရဲ့ နိုင်ငံအသင်း တသင်း ဖြစ်တဲ့ ပိုလန်ကို ကိုင်တွယ်ဖို့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Liverpool Echo သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၄၂နှစ် အရွယ် စတီဗင် ဂျာရတ်က ကစားသမား ဘဝမှာ ကမ္ဘာ့အဆင့် ကွင်းလယ်လူ တဦး ဖြစ်ခဲ့သလို နည်းပြလောကထဲကို ခြေချချိန်မှာလည်း ထိုက်သင့်တဲ့ အောင်မြင်မှု တချို့ ရယူနိုင်ခဲ့ပြီး အက်စ်တွန်ဗီလာမှာ အဆင်မပြေမှုတွေ ရှိခဲ့ပေမယ့် ရိန်းဂျားနဲ့အတူ စကော့တလန် ချန်ပီယံ ဖြစ်ခဲ့ပါတယ်။

Photo Credit: The Sun

စတီဗင် ဂျာရတ်က တိုက်စစ်အားသန် နည်းပြတဦး ဖြစ်ပြီး သူက နောက်ဆုံး ကိုင်တွယ်ခဲ့တဲ့ ဗီလာမှာ အဆင်မပြေမှုတွေနဲ့ ကြုံတွေ့ခဲ့ရပေမယ့် သူ့ရဲ့ လက်ထက်မှာ ဗီလာရဲ့ ကစားပုံက အတော်လေး တိုးတက်လာတာကိုတော့ ငြင်းဆန်လို့ မရပါဘူး။

ဒါကြောင့်ပဲ နည်းပြသစ် တဦး ခန့်အပ်ဖို့ ကြိုးစားနေတဲ့ ပိုလန်အသင်းက စတီဗင် ဂျာရတ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပြီး စတီဗင် ဂျာရတ်ကလည်း ကလပ်အသင်း နည်းပြဘဝကို ခေတ္တ စွန့်လွှတ်ကာ နိုင်ငံအသင်းနည်းပြ အဖြစ် စိန်ခေါ်မှု အသစ်တွေကို ရင်ဆိုင်ချင်နေပါတယ်။

Photo Credit: The Sun

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Liverpool Echo သတင်းဌာနရဲ့ ဖော်ပြချက်အရ ဂျာရတ်နဲ့ ပိုလန် ဘောလုံးအဖွဲ့ချုပ်တို့ ကြားထဲမှာ ပိုလန်နည်းပြရာထူး အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီး ဂျာရတ်က ပိုလန်နည်းပြ လုပ်ချင်နေသလို ပိုလန်ကလည်း ဂျာရတ်လို လူငယ်နည်းပြ တဦးကို ခန့်အပ်ဖို့ စိတ်ဝင်စားနေတာကြောင့် ဂျာရတ်ဟာ မကြာခင်မှာပဲ ပိုလန်ရဲ့ နည်းပြသစ် ဖြစ်လာဖွယ် ရှိနေကြောင်း သိရပါတယ်။