ယမန်နေ့မှာပဲ အသင်းနည်းပြချုပ် ဟန်ဆီ ဖလစ်ကို ရာထူးကနေ ထုတ်ပယ်ခဲ့တဲ့ ဂျာမဏီအသင်းက သူတို့အသင်းရဲ့ နည်းပြသစ် အဖြစ် ဘိုင်ယန်မြူးနစ် နည်းပြဟောင်း နာဂယ်စမန်းကို ခန့်အပ်ဖို့ အတွက် ကြိုးစားနေကြောင်း နာမည်ကြီး ဂျာမဏီ အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Bildက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

ဂျာမဏီ လက်ရွေးစင်အသင်းက ၂၀၁၄ခုနှစ်မှာ ကမ္ဘာ့ဖလား ဆွတ်ခူးနိုင်ခဲ့ပေမယ့် အဲ့ဒီနောက်ပိုင်းမှာ ဆုဖလား အောင်မြင်မှုတွေ ရယူနိုင်ခဲ့ခြင်း မရှိတော့သလို ဟန်ဆီ ဖလစ်ရဲ့ လက်အောက်မှာ ရလဒ်တွေလည်း ယခင်ကထက် ပိုမို ဆိုးဝါးခဲ့ပါတယ်။

Photo Credit: Standard

ဂျာမဏီက နောက်ဆုံး ကစားခဲ့တဲ့ ၅ပွဲမှာ တပွဲမှ မနိုင်ခဲ့ပဲ ၁ပွဲသရေ ၃ပွဲရှုံး ဆိုတဲ့ အရှက်စရာ ရလဒ်ဆိုးတွေကို ရခဲ့သလို ရှုံးနိမ့်ခဲ့တဲ့ အသင်းတွေက ကိုလံဘီယာ ၊ ပိုလန် ၊ ဂျပန်တို့လို အလယ်အလတ် အသင်းတွေ ဖြစ်တာကြောင့် ဂျာမဏီဘောလုံးအဖွဲ့ချုပ်က ဟန်ဆီ ဖလစ်ကို နည်းပြရာထူး ကနေ ထုတ်ပယ်လိုက်တာပါ။

ဟန်ဆီ ဖလစ်ကို ရာထူးကနေ ထုတ်ပယ်ပြီးနောက် ဂျာမဏီ ဘောလုံးအဖွဲ့ချုပ်က အသင်းရဲ့ လက်ထောက်နည်းပြ ဗော်လာကို ယာယီနည်းပြ အဖြစ် ခန့်အပ်ထားပေမယ့် အသင်းကို အမြန်ဆုံး တာဝန်ယူ ကိုင်တွယ်နိုင်မယ့် ထိပ်သီးနည်းပြ တဦးကို လိုက်လံ ရှာဖွေနေပြီး နာဂယ်စမန်းဟာ ဂျာမဏီအဖွဲ့ချုပ်ရဲ့ နံပါတ်တစ် ပစ်မှတ်ပဲ ဖြစ်ပါတယ်။

Photo Credit: Bundesliga

နာမည်ကြီး ဂျာမဏီ လူငယ်နည်းပြ နာဂယ်စမန်းက ဘိုင်ယန်မြူးနစ်ရဲ့ နည်းပြချုပ်ရာထူး ကနေ ဖယ်ရှားခံခဲ့ရပြီးနောက် အသင်းလက်မဲ့ ဖြစ်နေပေမယ့် ဘိုင်ယန်မြူးနစ်နဲ့ သူ့ရဲ့ ကြားထဲမှာ ၂၀၂၆ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ရှိနေပါသေးတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Bildရဲ့ ဖော်ပြချက်အရ ဂျာမဏီဘောလုံးအဖွဲ့ချုပ်က နာဂယ်စမန်းကို သူတို့ရဲ့ နံပါတ်၁ ပစ်မှတ် အဖြစ် သတ်မှတ်ထားသလို နာဂယ်စမန်းကို ခေါ်ယူဖို့ အတွက် ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေပြီး ဘိုင်ယန်မြူးနစ်ကတော့ လစာပေးရတာ သက်သာဖို့ အတွက် နာဂယ်စမန်းကို ဂျာမဏီအသင်းဆီ ပို့ဆောင်ချင်နေကြောင်း သိရပါတယ်။