ဘာစီလိုနာ နည်းပြသစ် ဖြစ်လာတော့မယ့် နည်းပြ ဟန်ဆီ ဖလစ်ခ်က ဘာစီလိုနာအသင်းမှာ နည်းပြဟောင်း ပက်ပ် ဂွာဒီယိုလာလိုမျိုး အောင်မြင်မှုတွေကို ရယူပေးနိုင်လိမ့်မယ်လို့ ဂျာမနီ ဂန္တဝင်ကစားသမားဟောင်းကြီး လိုသာမာသီးယပ်စ်က သုံးသပ် ပြောဆိုလိုက်ပါတယ်။

ဘာစီလိုနာအသင်းဟာ လက်ရှိအသင်းနည်းပြ ဇာဗီ ဟာနန်ဒက်ဇ်ကို အခု ဘောလုံးရာသီအကုန်မှာပဲ အသင်းကနေ ထုတ်ပယ်လိုက်ဖို့ ဆုံးဖြတ်လိုက်ပြီးတဲ့နောက် ဘိုင်ယန်နဲ့ ဂျာမနီနည်းပြဟောင်း ဟန်ဆီ ဖလစ်ခ်ကို နည်းပြရာထူး ခန့်အပ်ဖို့ သေချာသလောက် ရှိသွားခဲ့ပါတယ်။

Photo Credit : FC Bayern

ဟန်ဆီ ဖလစ်ခ်ဟာလည်း ဂျာမနီအသင်းကို ကိုင်တွယ်ခဲ့စဉ်က ဘာအောင်မြင်မှုမှ မရယူနိုင်ခဲ့ပဲ ဂျာမနီအသင်း သမိုင်းတစ်လျှောက် နည်းပြရာထူးကနေ ပထမဆုံးအကြိမ် ထုတ်ပယ်ခံခဲ့ရသူအဖြစ် မှတ်တမ်းဝင်ထားခဲ့ရပေမယ့်လည်း ဘိုင်ယန်အသင်းနဲ့ လက်တွဲစဉ်တုန်းကတော့ အောင်မြင်မှုတွေ များစွာ ရယူနိုင်ခဲ့ပါတယ်။

ဘိုင်ယန်မှာ ကိုဗက်ရဲ့ လက်ထောက်အဖြစ် ဆောင်ရွက်ရင်း ကိုဗက် အထုတ်ခံရချိန် ဘိုင်ယန်နည်းပြအဖြစ် ပြောင်းလဲ တာဝန်ယူခဲ့တဲ့ ဟန်ဆီ ဖလစ်ခ်ဟာ သူရဲ့ ဘိုင်ယန်နည်းပြဘဝ ပထမဆုံးရာသီမှာပဲ အသင်းအတွက် ချန်ပီယံလိဂ်ဖလား ၊ ဘွန်ဒက်စ်လီဂါဖလားနဲ့ ပိုကယ်ဖလားတို့ကို ရယူခဲ့ပြီး နောက်တစ်ရာသီမှာပါ ဂျာမန်စူပါဖလား ၊ ဥရောပ စူပါဖလားနဲ့ ကလပ်ကမ္ဘာ့ဖလားတို့ကိုပါ ရယူနိုင်ခဲ့လို့ ၂၀၂၀ တစ်နှစ်တည်းမှာပဲ ဖလား (၆)လုံးအထိ ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။

Photo Credit : Sky Sports

ဒါ့အပြင် ၂၀၁၉-၂၀၂၀ ဘောလုံးရာသီရဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်တို့ ဆုံတွေ့ခဲ့တုန်းကလည်း ကိုဗစ် အချိန်အခါဖြစ်လို့ ကြားကွင်းမှာ တစ်ကျော့တည်းအပြီး ယှဉ်ပြိုင်ခဲ့ရင်း ဟန်ဆီ ဖလစ်ခ်က ဘိုင်ယန်က ဘာစီလိုနာကို (၈)ဂိုး (၂)ဂိုးနဲ့ အပြတ်အသတ် အနိုင်ယူ ကျော်ဖြတ်ခဲ့ဖူးပါသေးတယ်။

အခုတော့ ဘာစီလိုနာ နည်းပြ ဖြစ်လာတော့မယ့် ဟန်ဆီ ဖလစ်ခ်နဲ့ ပတ်သက်ပြီး လိုသာမာသီးယပ်စ်က “ဟန်ဆီရဲ့ ပုံစံက ဘာစီလိုနာနဲ့ လိုက်ဖက်ပါတယ်။ ဘာစီလိုနာက ဂွာဒီယိုလာနဲ့အတူ အရမ်း အထင်ကြီးစရာကောင်းပြီး ခမ်းနားတဲ့ ဘောလုံးကစားပုံကို ကစားနိုင်ခဲ့တယ်။ ဟန်ဆီကလည်း ဒီမှော်ပညာမျိုးကို ပြန်လည် ရယူနိုင်ပါတယ်။” လို့ သုံးသပ်သွားခဲ့ပါတယ်။