စီးရီးအေ ထိပ်သီးကလပ် အေစီမီလန်နဲ့ အီတလီအသင်းတို့ရဲ့ ဂန္တဝင် ကွင်းလယ်လူ တဦး ဖြစ်သလို နည်းပြ တဦး အဖြစ်ပါ လုပ်ကိုင်နေတဲ့ ဂတ်တူဆိုက ပြင်သစ် နာမည်ကြီးကလပ် လိုင်ယွန်ကို ကိုင်တွယ်ဖို့ သဘောတူညီမှု ရရှိခဲ့ကြောင်း နာမည်ကြီး အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြလာကြပါတယ်။

အသက် ၄၅နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ အီတလီ ဂန္တဝင် ဂတ်တူဆိုက ၂၀၁၃ခုနှစ်မှာ ကစားသမားဘဝ ကနေ အနားယူခဲ့ပြီးနောက် နည်းပြလောကထဲကို ခြေစုန်ပစ် ဝင်ခဲ့သူ ဖြစ်ပြီး သူက ပါလာမို ၊ ခရစ်တီ ၊ ပီဆာ စတဲ့ အသင်းငယ်တွေရဲ့ နည်းပြချုပ်ရာထူးကို ရယူခဲ့ဖူးသလို အေစီမီလန်ရဲ့ ယူ-၁၉အသင်းကိုလည်း တာဝန်ယူ ကိုင်တွယ်ဖူးပါတယ်။

 

Photo Credit: Fot Mob

၂၀၁၇ခုနှစ်မှာတော့ ဂတ်တူဆိုက သူ ချစ်ရတဲ့ အေစီမီလန်ရဲ့ နည်းပြချုပ်ရာထူးကို ရယူနိုင်ခဲ့ပြီး ဂတ်တူဆိုဟာ အေစီမီလန်ကို ၂နှစ်ကြာ ကိုင်တွယ်ပြီးနောက် ၂၀၁၉ခုနှစ်မှာ နာပိုလီဆီ ပြောင်းရွှေ့ခဲ့ပါတယ်။ ဂတ်တူဆိုက နာပိုလီမှာ နည်းပြဘဝ ပထမဦးဆုံး ဆုဖလား ဖြစ်တဲ့ ကိုပါအီတာလီယာ ဆုဖလားကို ရယူနိုင်ခဲ့ပေမယ့် အသင်းရဲ့ တာဝန်ရှိသူတွေနဲ့ ဆက်ဆံရေး အဆင်မပြေတာကြောင့် ၂၀၂၁ခုနှစ်မှာ နာပိုလီနဲ့ ထပ်မံ လမ်းခွဲခဲ့ပါတယ်။

၂၀၂၂ခုနှစ်မှာ ဂတ်တူဆိုက စပိန်လာလီဂါ နာမည်ကြီးကလပ် ဗလင်စီယာကို ကိုင်တွယ်ခွင့် ရခဲ့ပေမယ့် သူ့ရဲ့ လက်ထက်မှာ ဗလင်စီယာရဲ့ ရလဒ်တွေဟာ အတော်လေး ဆိုးရွားခဲ့တာကြောင့် ဂတ်တူဆိုက ၂၀၂၁ခုနှစ် အစမှာပဲ ဗလင်စီယာနဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းခဲ့ပါတယ်။

Photo Credit: Football Italia

ဗလင်စီယာနဲ့ လမ်းခွဲပြီးနောက် ဂတ်တူဆိုက အသင်းလက်မဲ့ ဖြစ်ခဲ့ပေမယ့် အေစီမီလန် ၊ နာပိုလီတို့မှာ ပြသခဲ့တဲ့ သူ့ရဲ့ နည်းပြစွမ်းရည်တွေကြောင့် နည်းပြချုပ် ဘလန့်နဲ့ လမ်းခွဲခဲ့တဲ့ လိုင်ယွန်ဟာ ဂတ်တူဆိုကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ လုပ်ခဲ့ပြီး ဂတ်တူဆိုကလည်း လိုင်ယွန်ရဲ့ ကမ်းလှမ်းမှုကို ချက်ချင်း လက်ခံခဲ့ပါတယ်။

နာမည်ကြီး အီတလီ သတင်းထောက် ဖြစ်သူ ဒီမာဇီယိုရဲ့ ဖော်ပြချက်အရ လိုင်ယွန်က ယမန်နေ့ ညဉ့်နက်ပိုင်းမှာပဲ ဂတ်တူဆိုကို သူတို့အသင်းရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ တရားဝင် သဘောတူညီမှု ရရှိခဲ့ပြီး ဂတ်တူဆိုဟာ လာမယ့်ရက်ပိုင်း အတွင်းမှာပဲ လိုင်ယွန်နဲ့ ပူးပေါင်းတော့မယ်လို့ သိရပါတယ်။