မနေ့က အတ္တလန်တာနဲ့ ကလပ် ဘရုဂေးအသင်းတို့ရဲ့ ချန်ပီယံလိဂ် ရှုံးထွက် ပလေးအော့အဆင့် ဒုတိယအကျော့ပွဲစဉ်မှာ ရလဒ် အလှည့်အပြောင်း ဖြစ်စေနိုင်မယ့် ပင်နယ်တီ ကန်သွင်းခွင့်ကို အကောင်းဆုံး အသုံးမချနိုင်ခဲ့တဲ့ အဒီမိုလာ လွတ်ခ်မန်းကို အတ္တလန်တာ နည်းပြကြီး ဂက်စပါရီနီက ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။

ဘယ်လ်ဂျီယံကလပ် ကလပ် ဘရုဂေးဟာ ဘယ်လ်ဂျီယံမြေမှာ ကစားခဲ့တဲ့ ပထမအကျော့မှာကတည်းက အတ္တလန်တာကို အနိုင်ယူခဲ့သလို အခုလည်း အီတလီမြေမှာပါ ပထမပိုင်း ပွဲကစားချိန်မှာပဲ (၃)ဂိုးပြတ်နဲ့ ပြတ်ပြတ်သားသား ဦးဆောင်ခဲ့ရင်း (၁၆)သင်းအဆင့်ဆီ တက်လှမ်းဖို့ လုံးဝ သေချာသလောက် ဖြစ်ခဲ့ရပါတယ်။

Photo Credit : Football Italia

ဒါပေမယ့် ဒုတိယပိုင်းမှာ နိုင်ဂျီးရီးယား တိုက်စစ်ကစားသမား လွတ်ခ်မန်းက လူစားဝင် ကစားခွင့် ရရှိခဲ့ရင်း မိနစ်ပိုင်းအတွင်းမှာပဲ ချေပဂိုး သွင်းယူပေးနိုင်ခဲ့သလို မိနစ်(၆၀)မှာလည်း ပင်နယ်တီ ကန်သွင်းခွင့် ရရှိခဲ့တာကို လွတ်ခ်မန်းကပဲ ကန်သွင်းခဲ့ရာမှာ ဒီပင်နယ်တီကို ဘရုဂေး ဂိုးသမား မစ်ဂနိုလက်က ကာကွယ်သွားခဲ့ပါတယ်။

တကယ်လို့ ဒီပင်နယ်တီကိုသာ ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့မယ်ဆိုရင် အတ္တလန်တာအတွက် ပိုပြီးတော့ အခြေအနေ ပြန်ကောင်းလာနိုင်မှာ ဖြစ်ပေမယ့် ချေပဂိုး သွင်းထားတဲ့ လွတ်ခ်မန်းက ပုံမှန် ပင်နယ်တီ ကန်သွင်းသူ မဟုတ်ဘဲ ဒီပင်နယ်တီကို ရအောင် ကန်သွင်းရင်း ဂိုးမဝင်ခဲ့တာကြောင့် နည်းပြကြီး ဂက်စပါရီနီက ဒေါသပုန်ထနေပါတယ်။

Photo Credit : Ladun Ladi’s Blog

“လွတ်ခ်မန်းက ပင်နယ်တီကန်တာ သိပ်မကောင်းဘူး။ ကျွန်တော် မြင်ဖူးတဲ့သူတွေထဲမှာ အဆိုးဆုံးလို့တောင် ပြောလို့ရတယ်။ ဂိုးသွင်းပြီးတော့ ပင်နယ်တီကို သူပဲ ကန်ချင်နေတာ။ ရီတယ်ဂွီနဲ့ ဒီကက်တဲလာရယ်တို့လည်း ရှိနေတာကို ဘောလုံးကို ယူသွားပြီး ပင်နယ်တီ ကန်သွင်းလိုက်တာကိုတော့ ကျွန်တော် မကြိုက်ဘူး။” လို့ ဂက်စပါရီနီက ပြောဆိုလိုက်ပါတယ်။

ဒီပွဲမှာ အတ္တလန်တာက အိမ်ကွင်းမှာပဲ (၁)ဂိုး (၃)ဂိုးနဲ့ ထပ်ပြီး အရေးနိမ့်လိုက်ရတာကြောင့် နှစ်ကျော့ပေါင်းရလဒ် (၂)ဂိုး (၅)ဂိုးနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ စောစောစီးစီး ထွက်ခွာလိုက်ရပါတယ်။ အတ္တလန်တာဟာ နောက်ဆုံး ကစားထားတဲ့ ပြ်ိုင်ပွဲစုံ (၅)ပွဲမှာလည်း နိုင်ပွဲက (၁)ပွဲတည်းသာ ရထားခဲ့ပြီး ကိုပါအီတလီယာပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်မှာပါ ဘိုလော့ဂ်နာကို ရှုံးနိမ့်ရင်း ပြိုင်ပွဲက ထွက်ခွာထားရပါတယ်။