အတ္တလန်တာအသင်းဟာ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ အန်ဖီးလ်ကွင်းမှာ ကစားရတဲ့ ပွဲစဉ်ထဲ အိမ်ရှင် လီဗာပူးလ်အသင်းကို (၃)ဂိုးပြတ်နဲ့ အပြတ်အသတ် အနိုင်ရထားခဲ့ပေမယ့်လည်း အီတလီမှာ ကစားရမယ့် ဒုကျော့ပွဲအတွက် လီဗာပူးလ်ကို လျှော့မတွက်ဖို့ အတ္တလန်တာနည်းပြ ဂျန် ပီရယ်လ်လို ဂက်စပါရီနီက သတိပေး ပြောဆိုလိုက်ပါတယ်။

ဒီရာသီ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံး ဖြစ်နေရတဲ့ လီဗာပူးလ်အသင်းဟာ ယူရိုပါလိဂ် ကွာတားဖိုင်နယ်အတွက် မဲခွဲခဲ့ရာ အတ္တလန်တာလို စီးရီးအေမှာတောင် ရုန်းကန်နေရတဲ့ အသင်းနဲ့ ရင်ဆိုင်နေရလို့ အသာလေး ကျော်ဖြတ်နိုင်လိမ့်မယ်လို့ အများက ယုံကြည်ခဲ့ကြပါတယ်။

Photo Credit : Evening Standard

ဒါ့အပြင် ပထမအကျော့ကို အန်ဖီးလ်လို ဒီရာသီထဲ ပြိုင်ပွဲစုံမှာ လုံးဝ ရှုံးပွဲမရှိသေးတဲ့ အိမ်ကွင်းမှာ ကစားရတာမို့ အိမ်ရှင် လီဗာပူးလ်က အတ္တလန်တာကို ဂိုးပြတ်နိုင်မယ်လို့ ထင်ခဲ့ရပေမယ့်လည်း တကယ်တမ်းမှာတော့ ဧည့်သည် အတ္တလန်တာကသာ ဆကာမာကာ ပါဆာလစ်တို့ရဲ့ဂိုးတွေနဲ့ အပြတ်အသတ် အနိုင်ရသွားခဲ့ပါတယ်။

အခု ဒုကျော့ပွဲနဲ့ ပတ်သက်ပြီး အတ္တလန်တာနည်းပြ ဂက်စပါရီနီက “လီဗာပူးလ်ဟာ အမြဲတမ်း ကြီးကျယ်ခမ်းနားတဲ့ အသင်းပါ။ အခုကာလအတွင်း ပြိုင်ပွဲတွေထဲမှာ ထူးထူးခြားခြား ရလဒ်တွေ ထွက်ပေါ်နေပြီး အသင်းတိုင်းကလည်း (၁၀၀)%ထက်ကို ပိုမိုပြီး ကြိုးပမ်းတက်ကြပါတယ်။ ဒါပေမယ့် လီဗာပူးလ်ကတော့ ကမ္ဘာပေါ်က အကြီးကျယ်ဆုံး အသင်းတွေထဲက တစ်သင်း ဖြစ်နေဆဲပါပဲ။”

Photo Credit : Fabrizio Romano

“ကျွန်တော်တို့က လီဗာပူးလ်နဲ့ပွဲမှာ လုပ်ဆောင်ခဲ့တဲ့အတိုင်း ပွဲတွေကို ချဉ်းကပ်ရပါမယ်။ နောက်ပြီး ဘောလုံးမှာက မိနစ်အနည်းငယ်အတွင်းမှာလေးပဲ ဘာမဆို ဖြစ်သွားနိုင်တယ် ဆိုတာကိုလည်း ကျွန်တော်တို့ သိထားပါတယ်။”

“နောက်ပြီး ပထမအကျော့မှာကတည်းက လီဗာပူးလ်အသင်းရဲ့ ကစားပုံက သိပ်မဆိုးလှတာကို မြင်တွေ့ထားရတာမို့ ဒါကို ကျွန်တော်တို့ဘက်က သတိထားဖို့ လိုအပ်ပါမယ်။ ဒါပေမယ့် မဖြစ်နိုင်ဘူးလို့ ထင်ထားတဲ့ အရာတွေကို အခုတော့ ဖြစ်နိုင်ခြေလည်း ရှိနေရပါပြီ။ ကျွန်တော်တို့ ဒါကို အကောင်အထည် ဖော်နိုင်မယ်လို့ ယုံကြည်ပါတယ်။” လို့ ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။