ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင်နေတဲ့ ဂယ်ရီနဗီးလ်က သူ့ရဲ့ အသင်းဟောင်းဟာ နည်းပြချုပ် အဲရစ် တန်ဟက်ဂ်ကို ရာထူးကနေ မထုတ်ပယ်သင့်ဘူးလို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၅၄နှစ် အရွယ် နယ်သာလန်လူမျိုး ထိပ်သီးနည်းပြ အဲရစ် တန်ဟက်ဂ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ နယ်သာလန် ထိပ်သီးကလပ် အေဂျက် ကနေ မန်ချက်စတာ ယူနိုက်တက်ဆီ ၃နှစ်စာချုပ်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက သူ့ရဲ့ ပထမဦးဆုံး ဘောလုံးရာသီမှာတင် မန်ချက်စတာ ယူနိုက်တက် အတွက် ကာရာဘောင်းဖလား တလုံး ရယူပေးနိုင်ခဲ့ပါတယ်။

Photo Credit: Football Transfer

တန်ဟက်ဂ်က ပွဲဦးထွက်ရာသီမှာ ဆုဖလား တလုံး ရခဲ့သလို ချန်ပီယံလိဂ်ဝင်ခွင့်ကိုပါ ရယူပေးခဲ့ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ အဓိက ကစားသမား အများအပြား ဒဏ်ရာပြဿနာတွေနဲ့ လုံးပန်းနေရမှုကြောင့် တန်ဟက်ဂ်ရဲ့ ယူနိုက်တက်ဟာ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်နေရကာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့်(၆)နေရာ အထိ ရောက်ရှိနေပါတယ်။

ဒါပေမယ့် တန်ဟက်ဂ်က အခက်အခဲတွေ ကြားထဲကနေ မန်ချက်စတာ ယူနိုက်တက်ကို အက်ဖ်အေဖလားပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ် အထိ ပို့ဆောင်ပေးထားသလို ဆီမီးဖိုင်နယ်မှာ ချန်ပီယံရှစ်ကလပ် ကိုဗင်ထရီနဲ့ တွေ့ဆုံနေတာကြောင့် တန်ဟက်ဂ်က အက်ဖ်အေဖလားပြိုင်ပွဲဆီ ဒုတိယအကြိမ်မြောက် တက်လှမ်းနိုင်ဖို့ နီးစပ်နေပါတယ်။

Photo Credit: Team Talk

တန်ဟက်ဂ်က မန်ချက်စတာ ယူနိုက်တက်ကို အကောင်းဆုံး ပဲ့ကိုင်နေပေမယ့် ယူနိုက်တက်ရဲ့ ပူးတွဲပိုင်ရှင်သစ် INEOSက တန်ဟက်ဂ်ကို ရာထူးကနေ ထုတ်ပယ်ကာ နည်းပြသစ် ခန့်အပ်ဖို့ စဉ်းစားမှုတွေ ရှိနေပြီး ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမားကြီး ဂယ်ရီနဗီးလ်ကတော့ ယူနိုက်တက်ဟာ တန်ဟက်ဂ်နဲ့ပဲ ရှေ့ဆက်သင့်တယ်လို့ အကြံပေးလာပါတယ်။

ဂယ်ရီနဗီးလ်က – “ကျွန်တော်ကတော့ ယူနိုက်တက်ဟာ တန်ဟက်ဂ်ကို ရာထူးကနေ ထုတ်ပယ်ပြီး အခု သတင်းထွက်နေတဲ့ နည်းပြတွေကို ခေါ်မယ့် အစီအစဉ်ကို သဘောမကျပါဘူး။ အဲ့ဒီလုပ်ရပ်က မှန်ကန်တဲ့ လုပ်ရပ်လို့လည်း မထင်ပါဘူး။ ကျွန်တော်က တန်ဟက်ဂ်နဲ့ပဲ ရှေ့ဆက်သင့်တယ်လို့ ထင်သလို သူ့ကိုလည်း အပြည့်အဝ ယုံကြည်ပါတယ်။ တကယ်လို့ သူကသာ ဒီရာသီမှာ ဖြစ်ခဲ့သလိုမျိုး နောက်ရာသီမှာ ထပ်ဖြစ်မယ် ဆိုရင် ရာထူးမှာ ဆက်ရှိနေမယ်လို့ မထင်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့က ဒီရာသီမှာ အက်ဖ်အေဖလားကို ရယူနိုင်ဖို့ အခွင့်အရေး ရှိနေသေးသလို ချန်ပီယံလိဂ်ဝင်ခွင့်လည်း ရနိုင်ပါသေးတယ်” လို့ ပြောကြားသွားခဲ့တာပါ။