မန်ချက်စတာ ယူနိုက်တက်အသင်းက ဒီနွေရာသီမှာ တိုက်စစ်ပိုင်းအတွက် ပေါင် သန်း(၂၀၀)ကျော် သုံးစွဲပြီး အင်အားဖြည့်တင်းခဲ့ပေမယ့် ကလပ်အသင်းရဲ့ ဂန္ထဝင်နောက်ခံကစားသမားကြီး ဂယ်ရီ နဗီးလ်ကတော့ အသင်းမှာ မဖြေရှင်းရသေးတဲ့ အဓိကပြဿနာတစ်ခု ရှိနေဆဲဖြစ်ကြောင်း သုံးသပ်ပြောကြားလိုက်ပါတယ်။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ အဆင့်(၁၅)သာ ရပ်တည်နိုင်ခဲ့ပြီး (၃၈)ပွဲမှာ (၄၄)ဂိုးသာ သွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်ပိုင်းကို မာသီးယပ်စ် ကွန်ညာ (ပေါင် ၆၂.၅သန်း) ဘရိုင်ယန် အမ်ဘူမို (ပေါင် ၇၁သန်း) နဲ့ ဘင်ဂျမင် ဆက်ကို (ပေါင် ၇၄သန်း)တို့ကို ခေါ်ယူပြီး အားဖြည့်ခဲ့ပါတယ်။ ဒါပေမဲ့ နဗီးလ်ကတော့ ပြီးခဲ့တဲ့ရာသီက ခြေစွမ်းမတည်ငြိမ်ခဲ့တဲ့ ဂိုးသမား အန်ဒရေ အိုနာနာရဲ့နေရာမှာ ဂိုးသမားသစ်တစ်ဦး ခေါ်ယူဖို့ လိုအပ်နေဆဲဖြစ်ကြောင်း တိုက်တွန်းခဲ့ပါတယ်။

Photo Credit : Daily Mail

Sky Sports နဲ့ တွေ့ဆုံရာမှာ နဗီးလ်က “အမ်ဘူမို၊ ကွန်ညာ၊ ဆက်ကို ယူနိုက်တက် ပရိသတ်တွေက သူတို့ကို အရမ်းမျှော်လင့်နေကြပါတယ်။ ယူရိုပါလိဂ်ဗိုလ်လုပွဲအပြီးမှာ ဒီလောက်ငွေသုံးနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ မထင်ခဲ့ပါဘူး။ ဒါကြောင့် ဒီကစားသမားသုံးယောက်ကို ခေါ်နိုင်ခဲ့တာ အံ့အားသင့်စရာပါပဲ။ သူတို့ ခြေစွမ်းပြဖို့ လိုပါတယ်”

“ဒါပေမဲ့ တိုက်စစ်မှူးသုံးယောက်က ဂိုးတွေသွင်းနိုင်မှ ဖြစ်မှာပါ။ ဘာလို့လဲဆိုတော့ ကျန်တဲ့နေရာတွေမှာ ပြဿနာတွေ ရှိနေလို့ပါ။ ကျွန်တော်တို့ ဂိုးသမားတစ်ယောက် လိုအပ်နေတယ်။ ခံစစ်နဲ့ ကွင်းလယ်မှာလည်း အားနည်းချက်တွေ ရှိနေတုန်းပဲ။ ဒါကြောင့် ဆက်ကို၊ အမ်ဘူမိုနဲ့ ကွန်ညာတို့ ရာသီအစမှာ ခြေစွမ်းပြဖို့ အရမ်းအရေးကြီးပါတယ်။ လီဗာပူးလ်တိုက်စစ်မှူး ဟူဂို အီကီတီကီ ဂိုးသွင်းသွားတာကို ကျွန်တော်တို့ တွေ့ခဲ့ရတယ်။ ယူနိုက်တက်တိုက်စစ်မှူးတွေလည်း တနင်္ဂနွေနေ့မှာ အဲ့ဒီလို ဘာလို့ မလုပ်နိုင်ရမှာလဲ” လို့ ပြောကြားခဲ့ပါတယ်။

Photo Credit : Manchester Evening News

ယူနိုက်တက်ဟာ သူတို့ရဲ့ ရာသီသစ်အဖွင့်ပွဲစဉ်ကို တနင်္ဂနွေနေ့မှာ အာဆင်နယ်နဲ့ အိုးလ်ထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်ကစားရမှာပါ။ ကလပ်အသင်းဟာ ဂျေဒန် ဆန်ချို၊ အလီဟန်ဒရို ဂါနာချို၊ အန်တိုနီနဲ့ တိုင်ရယ်လ် မာလာစီယာတို့ကို ရောင်းထုတ်ပြီး ကွင်းလယ်ခံစစ်ကစားသမားတစ်ဦးကို ဦးစားပေးခေါ်ယူလိုနေပါတယ်။ ဒါ့အပြင် ပီအက်စ်ဂျီကနေ ထွက်ခွာတော့မယ့် ဂျန်လွီဂျီ ဒွန်နာရမ်မာ၊ အက်စတွန် ဗီလာက အီမီ မာတီနက်ဇ်တို့လို ဂိုးသမားတွေနဲ့လည်း သတင်းထွက်နေပါတယ်။

ယူနိုက်တက်အတွက် ဒီရာသီမှာ ဘယ်လိုရလဒ်က ကောင်းမွန်မလဲလို့ မေးမြန်းရာမှာတော့ နဗီးလ်က “ထိပ်ဆုံးခြောက်သင်းထဲ ဝင်နိုင်ရင် ရာသီကောင်းတစ်ခုလို့ ပြောရမှာပါ။ ထိပ်ဆုံးလေးသင်းဖြစ်တဲ့ ချယ်လ်ဆီး၊ အာဆင်နယ်၊ လီဗာပူးလ်၊ စီးတီးတို့ကိုတော့ စိန်ခေါ်ဖို့ ခက်ပါလိမ့်မယ်။ ဒါပေမဲ့ သူတို့က နယူးကာဆယ်၊ တော့တင်ဟမ်၊ ဗီလာတို့လို အသင်းတွေရှိနေတဲ့ နေရာကို ဝင်ရောက်လာနိုင်ပါတယ်။ ဒါကြောင့် အဆင့် (၅)နေရာရရင် အံ့မခန်းဖြစ်မှာပါ။ လက်တွေ့ကျကျ ပြောရရင်တော့ အဆင့်(၆) နဲ့ (၈)ကြား ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အဆင့် (၅)ကိုတော့ သူတို့ ပစ်မှတ်ထားသင့်တယ်လို့ ကျွန်တော်ထင်တယ်” လို့ နဗီးလ်က သုံးသပ်ခဲ့ပါတယ်။