လီဗာပူးလ်အသင်းရဲ့ ပဲ့ကိုင်ရှင် နည်းပြကြီး ယာဂင် ကလော့ပ်ဟာ တကယ့်ကို စပယ်ရှယ် ထူးရှယ် နည်းပြကြီးတစ်ဦး ဖြစ်သလို ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက်ရဲ့ အကောင်းဆုံးနည်းပြတွေထဲက တစ်ဦးလည်း ဖြစ်တယ်လို့ ဂယ်ရီနဗီးလ်က မှတ်ချက်ပြု ပြောကြားသွားခဲ့ပါတယ်။

အသက် (၅၆)နှစ်အရွယ် ဂျာမန်လူမျိုး ဒေါ့မွန်နည်းပြဟောင်းကြီး ကလော့ပ်ဟာ လီဗာပူးလ်အသင်းကို စတင် ကိုင်တွယ်ခဲ့တဲ့ ၂၀၁၅ခုနှစ်ကနေ စတင်ပြီး လက်ရှိအချိန်အထိ ဆုဖလား (၉)ခု(ကွန်မြူနတီဒိုင်းပါ အပါအဝင်)အထိ ရယူပေးထားနိုင်ခဲ့ပါတယ်။

Photo Credit : El Futbolreo US

ဒီရာသီမှာလည်း ကလော့ပ်ဟာ သူရဲ့ လီဗာပူးလ်အသင်းကို ဆုဖလား (၄)လုံး လမ်းကြောင်းပေါ် တင်ပေးထားနိုင်ခဲ့ပြီး အခုလည်း ပထမဆုံး ဆုဖလားကိုပါ စတင် သိမ်းပိုက်နိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ ကလော့ပ်နဲ့ ပတ်သက်ပြီး နဗီးလ်က “ထူးရှယ် နည်းပြတွေကပဲ မယုံနိုင်စရာကောင်းတဲ့ အရာတွေကို လုပ်ဆောင်ပြနိုင်တာ။”

“သူကတော့ ကျွန်တော်မြင်ဖူးသမျှ ပရီးမီးယားလိဂ်ပြိုင်ပွဲဝင် နည်းပြတွေထဲကမှ အကောင်းဆုံးနည်းပြထဲက တစ်ယောက်ပါပဲ။ အင်အားမမျှတဲ့ လူစာရင်းပဲ ရှိနေစေကာမူ သူ့ကြောင့်ပဲ အသင်းက အင်အား တောင့်တင်းတဲ့ အသင်းကိုပါ ယှဉ်ကစားနိုင်ပြီး အနိုင်ပါ ယူပြနိုင်ခဲ့တယ်။ ဒါက တကယ်ကို အံ့မခန်းပါပဲ။” လို့ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Metro

ဒါ့အပြင် ကလော့ပ်ရဲ့စွမ်းဆောင်မှုတွေနဲ့ ပတ်သက်ပြီး လီဗာပူးလ် ကစားသမားဟောင်းကြီး ဂျင်မီ ကာရေဂါကလည်း “ကလော့ပ်က အသင်းကနေ ထွက်ခွာတော့မယ်လို့ ကြေညာလို့အပြီးမှာပဲ ပေါက်ကွဲအားတစ်ခုနဲ့အတူ အသင်းက လူငယ် ကစားသမားလေးတွေပါ ကလော့ပ်အတွက် တိုက်ပွဲဝင်ပေးချင်လာကြပါတယ်။”

“ဗန်ဒိုက်လို စီနီယာ ကစားသမားတွေရော လူငယ် ကစားသမားလေးတွေကပါ ကြီးမားတဲ့ စွမ်းဆောင်မှုတွေနဲ့ အသင်းကို တွန်းအားပေးနိုင်ခဲ့တယ်။ အသင်းမှာက စီနီယာ ဂျူနီယာတွေအကုန် အတူတကွနဲ့ကို စိတ်ဓါတ်ပြင်းပြင်းပြပြနဲ့ ကစားသွားနိုင်ခဲ့တယ်။ ဒါတွေကလည်း ကလော့ပ်ဖန်တီးထားတဲ့ လက်ရာတွေပါပဲ။” လို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။