ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမား ဖြစ်သလို လက်ရှိအချိန်မှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင်နေတဲ့ ဂယ်ရီနဗီးလ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ နော်တင်ဟမ် ဖောရက်စ် ၂-၁ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာ နော်တင်ဟမ် ဖောရက်စ်ရဲ့ ကန်ချက်တွေကို တကြိမ်မှ မကာကွယ်နိုင်ခဲ့တဲ့ ယူနိုက်တက် ဂိုးသမား အိုနာနာကို ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပါတယ်။

ကင်မရွန်းလက်ရွေးစင် ဂိုးသမား အိုနာနာက ပြီးခဲ့တဲ့ နွေဈေးကွက်မှာ အင်တာမီလန် ကနေ မန်ချက်စတာ ယူနိုက်တက်ထံ မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တရပ်နဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး သူက ယူနိုက်တက်ရဲ့ သက်တော်ရှည် ဂိုးသမား ဒီဂီယာရဲ့ နေရာကို ဆက်ခံခဲ့ရပါတယ်။

Photo Credit: RTE

အိုနာနာက အင်တာမီလန်မှာ လက်စွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် ယူနိုက်တက်ရဲ့ အားကိုးတကြီး ခေါ်ယူမှုကို ခံခဲ့ရပေမယ့် ယူနိုက်တက်ဆီ ရောက်ရှိချိန်မှာ မကြာခဏ အမှားတွေ လုပ်မိခဲ့သလို ကာကွယ်သင့်တဲ့ ကန်ချက်တွေကိုလည်း ကာကွယ်နိုင်ခြင်း မရှိခဲ့ပါဘူး။

ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ နော်တင်ဟမ် ဖောရက်စ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ပွဲစဉ်မှာ ဆိုရင်လည်း နော်တင်ဟမ် ဖောရက်စ်ဟာ တပွဲလုံးမှာ ဂိုးပေါက်တည့်ကန်ချက် ၂ကြိမ်သာ ရှိခဲ့ပေမယ့် အိုနာနာဟာ အဆိုပါ ၂ကြိမ်စလုံးကို ကာကွယ်နိုင်ခဲ့ခြင်း မရှိပဲ သွင်းဂိုး ၂ဂိုး ခွင့်ပြုခဲ့ရပါတယ်။

Photo Credit: The Sun

ဒါကြောင့်ပဲ ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမား ဂယ်ရီနဗီးလ်က အိုနာနာကို “စိတ်မချရတဲ့ ဂိုးသမား” လို့ ခေါင်းစဉ်တပ်ကာ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

ဂယ်ရီနဗီးလ်က – “အိုနာနာဟာ ဘောလုံးကိုင် ကစားရာမှာ ထူးချွန်တယ် ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ယူနိုက်တက်ဆီ ရောက်လာခဲ့တာပါ။ ဒါပေမယ့် ကျွန်တော်ကတော့ သူဟာ ဘောလုံးကိုင် ကစားတဲ့ နေရာမှာ ထူးချွန်တဲ့ ဂိုးသမားလို့ မမြင်ပါဘူး။ ပြီးတော့ သူက ဂိုးပေါက် ကာကွယ်ရာမှာလည်း စိတ်ချလို့ မရတဲ့ ဂိုးသမားပါ” လို့ ပြောကာ အိုနာနာကို ဝေဖန်သွားခဲ့တာပဲ ဖြစ်ပါတယ်။