ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ လူငယ်ကြယ်ပွင့် တဦး ဖြစ်သူ ဂါနာချိုက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘာစီလိုနာ ၀-၄ ရီးရဲလ်မက်ဒရစ် ကိုပါဒယ်ရေး ဆီမီးဖိုင်နယ် ပွဲစဉ်အပြီးမှာ ဘာစီလိုနာကို လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ အာဂျင်တီးနား လူငယ်ကြယ်ပွင့် ဂါနာချိုက ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက်နဲ့အတူ တောက်ပနေသူ တဦး ဖြစ်ပြီး သူက မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၁၃၀၆မိနစ် ပါဝင် ကစားပေးထားရာ သွင်းဂိုး ၅ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၆ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Standard

ဂါနာချိုရဲ့ မန်ချက်စတာ ယူနိုက်တက်က ယခုနှစ် ဘောလုံးရာသီမှာ ဘာစီလိုနာကို အနိုင်ရခဲ့ဖူးပြီး မန်ချက်စတာ ယူနိုက်တက်က ယူရိုပါလိဂ် ၃၂သင်းအဆင့်မှာ ဘာစီလိုနာနဲ့ ထိပ်တိုက် တွေ့ဆုံခဲ့ရာ ပထမအကျော့မှာ ၂-၂ ဆိုတဲ့ သရေရလဒ် ရအောင် ကစားနိုင်ခဲ့ကာ ဒုတိယအကျော့မှာ ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တာကြောင့် ဘာစီလိုနာကို ယူရိုပါလိဂ်ပြိုင်ပွဲ ကနေ ဖြုတ်ချနိုင်ခဲ့ပြီး ဂါနာချိုဟာ အဆိုပါပွဲ ၂ပွဲစလုံးမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ပါဝင် ကစားပေးနိုင်ခဲ့ပါတယ်။

ဂါနာချိုဟာ မန်ချက်စတာ ယူနိုက်တက်က ဘာစီလိုနာကို အနိုင်ယူခဲ့ပြီးနောက် အဝေးကြည့် မှန်ပြောင်းနဲ့ ကြည့်နေတဲ့ပုံမျိုး ပြုလုပ်ကာ ဘာစီလိုနာကို လှောင်ပြောင်ခဲ့ဖူးသလို ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘာစီလိုနာ ၀-၄ ရီးရဲလ်မက်ဒရစ် ပွဲအပြီးမှာလည်း ရီးရဲလ်မက်ဒရစ် ကြယ်ပွင့် ဗင်နီးစီးယပ်စ် တင်ထားတဲ့ အင်စတာဂရမ်ပို့စ်မှာ ဘာစီလိုနာကို ထပ်မံ လှောင်ပြောင်ခဲ့ပါသေးတယ်။

Photo Credit: Standard

ဂါနာချိုက ဗင်နီးစီးယပ်စ် တင်ခဲ့တဲ့ “Comebackနိုင်ပွဲနဲ့ ဖိုင်နယ် ရောက်ခဲ့ပြီ – ရီးရဲလ်မက်ဒရစ်” ဆိုတဲ့ ပို့စ်အောက်မှာ “ပုံမှန်လေးပါပဲ” (ဘာစီလိုနာ ရှုံးပွဲ ကြုံတွေ့တာက ပုံမှန်ပဲလို့ ပြောချင်ပုံပါ) လို့ ကွန်းမန့်ပေးကာ ဘာစီလိုနာကို လှောင်ပြောင်ခဲ့တာ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်နဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပရိသတ်တွေကတော့ ဂါနာချိုရဲ့ စကားကို အတော်လေး သဘောကျနေကြပါတယ်။

လက်ရှိမှာတော့ ဂါနာချိုက ခြေကျင်းဝတ်ဒဏ်ရာကြောင့် အနားယူနေရပြီး လာမယ့် မေလထဲ ရောက်မှသာ မန်ချက်စတာ ယူနိုက်တက် အတွက် ပြန်ကစားပေးနိုင်ဖွယ် ရှိပါတယ်။