မန်ချက်စတာ ယူနိုက်တက်နဲ့ အာဂျင်တီးနားအသင်းတို့ရဲ့ တောင်ပံတိုက်စစ် ကစားသမားလေး အလက်ဟန်ဒရို ဂါနာချိုဟာ အာဂျင်တီးနားနဲ့ ကော်စတာရီကာအသင်းတို့ ခြေစမ်းပွဲစဉ်မှာပဲ ပွဲထွက်ကစားသမားအဖြစ် ပါဝင်လာရနိုင်တယ်လို့ သိရပါတယ်။

ယူနိုက်တက် လူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့ပြီး လက်ရှိမှာ ယူနိုက်တက် စီနီယာအသင်းအတွက် အဓိက ကစားသမားတစ်ဦးပါ ဖြစ်နေရတဲ့ ဂါနာချိုဟာ ၂၀၂၃ ဇွန်လမှာပဲ အာဂျင်တီးနား လက်ရွေးစင်အသင်းအတွက်ပါ စတင် ကစားခွင့် ရရှိလာခဲ့ပါတယ်။

Photo Credit : Goal

အခုဆိုရင်တော့ ဂါနာချိုက အာဂျင်တီးနားအသင်းအတွက် စုစုပေါင်း (၄)ပွဲအထိ ပါဝင်ထားခဲ့ရပေမယ့်လည်း တစ်ပွဲမှကို ပွဲထွက်ကစားသမားအဖြစ် မကစားထားရသေးပဲ (၄)ပွဲလုံးကို လူစားဝင် ကစားသမားအဖြစ်နဲ့သာ ကစားထားခဲ့ရပါတယ်။

ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် အကောင်းဆုံး ခြေစွမ်းတွေ ပြသထားနိုင်တဲ့ တောင်ပံကစားသမား ဂါနာချိုဟာ အခုတစ်ပတ်ရဲ့ နိုင်ငံတကာ ရက်သတ္တပတ်မှာ အာဂျင်တီးနားအသင်းအတွက် ရွေးချယ်ခံထားရသလို အယ်လ်ဆာဗေဒိုးနဲ့ ခြေစမ်းပွဲမှာပါ ဒုတိယပိုင်းတစ်ပိုင်းလုံး ပါဝင်ကစားဖြစ်ခဲ့ပါတယ်။

Photo Credit : Seleccion Argentina

အခုတော့ ဂါနာချိုဟာ အာဂျင်တီးနားနဲ့ ကော်စတာရီကာတို့ရဲ့ နိုင်ငံတကာ ခြေစမ်းပွဲစဉ်မှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်လာနိုင်လိမ့်မယ်လို့ အာဂျင်တီးနားနည်းပြ စကာလိုနီက အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

တစ်ဖက်မှာလည်း ဂါနာချိုရဲ့ ယူနိုက်တက် အသင်းဖော်လေး ကိုဘီ မိန်းနူးကပါ အင်္ဂလန်နဲ့ ဘယ်လ်ဂျီယံတို့ပွဲမှာ အင်္ဂလန်အတွက် ပွဲထွက်ကစားပေးရတော့မှာမို့ ယူနိုက်တက် ကြယ်ပွင့်လေးနှစ်ဦးက ဒီတစ်ပတ်ထဲမှာပဲ သက်ဆိုင်ရာ လက်ရွေးစင်အသင်းအတွက် ပွဲထွက်ကစားပေးရတော့မှာပဲ ဖြစ်ပါတယ်။