မန်ချက်စတာ ယူနိုက်တက်အသင်းမှာ အနာဂတ်မရေမရာဖြစ်နေတဲ့ တောင်ပံကစားသမား အလက်ဟန်ဒရို ဂါနာချိုဟာ အက်စတွန် ဗီလာအသင်းကို ပြောင်းရွှေ့ဖို့ထက် ချန်ပီယံလိဂ်ဝင်ခွင့်ရ ကလပ်အသင်းတစ်သင်းကိုသာ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေကြောင်း သတင်းများထွက်ပေါ်နေပါတယ်။
ESPN ရဲ့ ဖော်ပြချက်အရ ဗီလာနည်းပြ အူနိုင်း အမ်မရီက ဂါနာချိုကို သူ့ရဲ့ကစားဟန်အတွက် အသုံးဝင်မယ့် ကစားသမားတစ်ဦးအဖြစ် ရှုမြင်နေပေမယ့် အာဂျင်တီးနားသားလေးကတော့ ချန်ပီယံလိဂ် ကစားရမယ့် ကလပ်အသင်းဆီကိုသာ ပြောင်းရွှေ့လိုနေတာ ဖြစ်ပါတယ်။
Photo Credit : GiveMeSport
အဆိုပါသတင်းက ဆက်လက်ဖော်ပြရာမှာ ဂါနာချိုအနေနဲ့ ပရီးမီးယားလိဂ်မှာသာ ဆက်ရှိနေဖို့ကို ပိုပြီးလိုလားနေပြီး သူ့ရဲ့အခြေအနေကို ချယ်လ်ဆီးအသင်းကလည်း အနီးကပ်စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။
ဂါနာချိုဟာ လာမယ့်ရာသီအတွက် ယူနိုက်တက်ရဲ့ အစီအစဉ်တွေမှာ မပါဝင်တော့ဘဲ ရောင်းထုတ်ဖို့ စာရင်းဝင်နေတဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်လာခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ သူ့ကို အသင်းကနေ အမြန်ဆုံး ထွက်ခွာစေလိုတဲ့အတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၄၀)ဝန်းကျင်အထိ လျှော့ချပေးဖို့တောင် ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ ကစားသမားနဲ့ ကလပ်အသင်း နှစ်ဖက်စလုံးက လမ်းခွဲဖို့ ဆန္ဒရှိနေကြပေမယ့် အပြောင်းအရွှေ့ ဖြစ်မြောက်မလားဆိုတာကတော့ မရေမရာဖြစ်နေဆဲပါ။
Photo Credit : Goal
အသက်(၂၁)နှစ်အရွယ် ကစားသမားဟာ ယူနိုက်တက်ရဲ့ အကယ်ဒမီထွက်တစ်ဦးဖြစ်ပြီး အသင်းကြီးအတွက် ပြိုင်ပွဲစုံ(၁၄၄)ပွဲမှာ (၂၆)ဂိုး သွင်းယူပေးထားပါတယ်။ သူ့ကို ဆော်ဒီ ပရိုလိဂ်ကလပ်တွေကလည်း စိတ်ဝင်စားနေသလို ချယ်လ်ဆီးအသင်းကတော့ ဂါနာချိုကို မခေါ်ယူခင် သူတို့ရဲ့ ကစားသမားအချို့ကို အရင်ရောင်းထုတ်ရဖွယ် ရှိနေပါတယ်။
ယူနိုက်တက်ကနေ ထွက်ခွာဖို့ အရိပ်အမြွက်ပြထားတဲ့ ဂါနာချိုအတွက် အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ပေါက်ရှာဖို့ အချိန်က သိပ်မကျန်တော့ပါဘူး။ အပြောင်းအရွှေ့ဈေးကွက်ဟာ နောက်ထပ် သီတင်းပတ် (၆)ပတ်မပြည့်မီ ပိတ်သိမ်းတော့မှာ ဖြစ်ပါတယ်။ သူမျှော်လင့်နေတဲ့ ချန်ပီယံလိဂ်ကစားခွင့်ရအသင်းဆီ အိပ်မက်အတိုင်း ပြောင်းရွှေ့နိုင်မလား ဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။