အလက်ဟန်ဒရို ဂါနာချိုဟာ သူလေးစားအားကျရတဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုရှိရာ ဆော်ဒီကလပ် အယ်လ်နာဆာအသင်းဆီ ပြောင်းရွှေ့ဖို့ ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်ပြီလို့ သတင်းတွေက ဆိုပါတယ်။ မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာတော့မယ်လို့ ယူဆရတဲ့ ဒီကစားသမားဟာ ဒီနွေရာသီမှာ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာဖို့ ရှိနေပါတယ်။

SunSport ရဲ့ ဖော်ပြချက်အရ ဂါနာချိုဟာ ယူနိုက်တက်ရဲ့ အမေရိကန် ရာသီကြို ခြေစမ်းခရီးစဉ်အတွက် ချန်လှပ်ခံရတဲ့ ကစားသမား(၅)ဦးထဲက တစ်ဦးလည်း ဖြစ်ပါတယ်။ ဒီတောင်ပံကစားသမားကို သူ့ရဲ့အနာဂတ်ကို ဖြေရှင်းဖို့ ပြောထားပြီး ကလပ်များစွာက သူ့ကို စိတ်ဝင်စားနေတယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေပါတယ်။

Photo Credit : Sports Tiger

အယ်လ်နာဆာအသင်းက ဂါနာချိုကို သူ့ရဲ့ အိုင်ဒေါဖြစ်သူ ရော်နယ်လ်ဒိုနဲ့ ပူးပေါင်းဖို့ ဆော်ဒီအာရေဗျကို ပြောင်းရွှေ့ဖို့ အခွင့်အရေး ပေးခဲ့ပေမဲ့ ဂါနာချိုကိုယ်တိုင် ငြင်းပယ်လိုက်တယ်လို့ The Telegraph သတင်းစာက ဖော်ပြပါတယ်။ အသက်(၂၁)နှစ်အရွယ် ဂါနာချိုဟာ ဥရောပမှာပဲ ဆက်နေဖို့ ဦးစားပေးနေပြီး မန်ယူနိုက်တက်ကလည်း သူ့ကို အသင်းပြောင်းရွှေ့ဖို့ ခွင့်ပြုချက် ပေးထားပြီးသား ဖြစ်ပါတယ်။

ဇန်နဝါရီလတုန်းက ခေါ်ယူဖို့ သတင်းထွက်ခဲ့ဖူးတဲ့ ချယ်လ်ဆီးအသင်းဟာ ခရစ္စတိုဖာ အန်ကွန်ကူကို အိုးလ်ထရက်ဖို့ဒ်ဆီ ပြောင်းရွှေ့ပေးမယ့် ကစားသမားအလဲအလှယ် စာချုပ်တစ်ရပ်ကို စဉ်းစားနေတယ်လို့ ဆိုပါတယ်။ နာပိုလီအသင်းကလည်း ဂါနာချိုကို စိတ်ဝင်စားနေပြီး ကလပ်ဥက္ကဋ္ဌ အော်ရယ်လီယို ဒီ လောရန့်တစ်က သူ့ရဲ့အလားအလာဟာ ယူနိုက်တက်မှာ အပြည့်အဝ အကောင်အထည် မပေါ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

Photo Credit : Goal

သူက “ကျွန်တော်တို့ သူ့ကို လိုချင်တယ်၊။ ဘာလို့လဲဆိုတော့ သူက ယူနိုက်တက်မှာ ရှိနေတာကိုး။ သူ့ကို အဲဒီက ထုတ်လိုက်ရင် သူဟာ အစွမ်းအစ နှစ်ဆ ပိုကောင်းလာလိမ့်မယ်။ ယူနိုက်တက်မှာ ဘာလို့လဲဆိုတာ ကျွန်တော် မပြောပြနိုင်တဲ့ အမှားတစ်ခု ရှိတယ်။” လို့ ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်က ဂါနာချိုအတွက် ပေါင်သန်း(၇၀) လိုချင်တယ်လို့ သတင်းတွေက ဆိုပါတယ်။ ဒါပေမဲ့ အာဂျင်တီးနားသား ဂါနာချိုဟာ ရူဘင် အန်မိုရမ်လက်အောက် အသင်းမှာ နေရာမရတော့တာ ရှင်းနေတဲ့အတွက် ဒီလိုဈေးမျိုး ရဖို့ ခက်ခဲနိုင်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ လုပ်ခလစာကြောင့် ယူနိုက်တက်အနေနဲ့ သူ့ကို တခြား အသင်းကနေ ဖယ်ထုတ်ခံထားရတဲ့ ကစားသမားတွေဖြစ်တဲ့ မားကပ်စ် ရပ်ရှ်ဖို့ဒ်၊ ဂျေဒန် ဆန်ချိုနဲ့ အန်တိုနီတို့ထက် ပိုမိုလွယ်ကူစွာ ထွက်ခွာခွင့်ပေးနိုင်ပါတယ်။